5G စမ်းသပ်ရန်အတွက် အိန္ဒိယဆက်သွယ်ရေး ကုမ္ပဏီများနှင့် ZTE ပူးပေါင်း

ZTE ဟာ 5G နည်းပညာကို အိန္ဒိယမှာ လက်တွေ့စမ်းသပ်ရန်အတွက် စတင်လုပ်ဆောင်ခဲ့တယ်လို့ Economic Times က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအတွက် တရုတ်ဆက်သွယ်ရေး ပစ္စည်းများနှင့် စမတ်ဖုန်းထုတ်လုပ်သူ ZTE က အိန္ဒိယရဲ့ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Bharti Airtel, Vodafone India, Reliance Jio တို့နဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ကြိုးမဲ့စနစ်ဈေးကွက်ကြီးတွေထဲက တစ်ခုဖြစ်ပြီး ဈေးကွက်ချဲ့ထွင်နိုင်မယ့် အလားအလာ အများအပြား ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လို့ ZTE ရဲ့ global marketing and solutions အကြီးအကဲ Fan Xiaobing က Econimic Times ထံ ပြောကြားခဲ့ပါတယ်။

“အိန္ဒိယက ကျွန်တော်တို့အတွက် အရမ်းကိုအရေးပါတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ အိန္ဒိယဆက်သွယ်ရေး ဈေးကွက်က အရမ်းကို အလျင်အမြန် တိုးတက်လာနေပါတယ်။ ဒီတိုးတက်မှုကို အထောက်အပံ့ဖြစ်စေဖို့ အတွက် အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်သွားမှာပါ” လို့ Fan က ဆိုပါတယ်။

အိန္ဒိယအနေနဲ့ 5G က နိုင်ငံအတွက် အရေးပါပုံကို သိရှိထားပြီး ၂၀၂၀ ခုနှစ်မှာ 5G ကို သုံးစွဲသူတွေထံ စတင်ဖြန့်ချိနိုင်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် အိန္ဒိယအစိုးရကလည်း အနာဂတ် 5G ကွန်ရက်ကို ထောက်ပံ့ ပေးမယ့် လှိုင်းနှုန်းစဉ်ကို ဆက်သွယ်ရေး ကုမ္ပဏီတွေထံ လေလံတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena