ရန်ကုန်မြို့တွင် ကျင်းပမည့် MMA ပြိုင်ပွဲ တွဲဆိုင်းများ ထွက်ပေါ်

ရန်ကုန်မြို့၌ ကျင်းပမည့် One Championship(MMA) ပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းကစားသမားချင်း ယှဉ်ပြိုင်မည့်ပွဲစဉ်နှစ်ပွဲပါဝင်မည်ဖြစ်သည်။

နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ Hero’s Dream အမည်ဖြင့် ကျင်းပမည့် အဆိုပါ ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကချင် တိုင်းရင်းသား အောင်လ အန်ဆန်နှင့် မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရရှိထားသည့် ကင်မရွန်းနွယ်ဖွား အလိန်း ဂါလာနီတို့ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပွဲစဉ်တွင် ဝိတ်တန်းမတူညီခြင်း၊ ပြိုင်ဘက်က လူကောင်ကြီးခြင်းကြောင့် အနိုင်ထိုးသတ်ရန် ပိုကြိုးစားရမည်ဖြစ်ကြောင်း အောင်လ အန်ဆန်က ပြောကြားထားသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့သမားများ MMA စည်းမျဉ်းဖြင့် ယှဉ်ပြိုင်မည့် ပွဲစဉ် နှစ်ပွဲ ပါဝင်မည်ဖြစ်ပြီး ဖိုးသော်နှင့် စောဘဦး၊ စောမင်းမင်းနှင့် ရဲသွေးနီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အခြားပွဲစဉ်များတွင် တရုတ်နိုင်ငံ သား မဟိုဘင်းနှင့် စင်ကာပူနိုင်ငံသားနီကိုစိုး၊ မြန်မာ့ရိုးရာ လက်ဝှေ့သမား သပြေညိုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အိုက်စလန်၊ ထိုင်းနိုင်ငံသား ပေါင်စီရီနှင့် ဖိလစ်ပိုင် နိုင်ငံသား ဂျရမီ၊ တရုတ်နိုင်ငံသားချန်းလီနှင့် ဖိလစ်ပိုင်နိုင်ငံသား ဘန်း၊ တရုတ် နိုင်ငံသား ဇောင်ဇီဟိုနှင့် အိန္ဒိယနိုင်ငံသား ဘလာရှက်တီတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

အမျိုးသမီးပွဲစဉ်များအဖြစ် တရုတ်နိုင်ငံသူ မီအိုဂျေးနှင့် သြစတြေးလျနိုင်ငံသူ အမီရာ၊ အင်ဒိုနီးရှား နိုင်ငံသူ နီတာဒေးနှင့် ဖိလစ်ပိုင် နိုင်ငံသူ ဂျိုမေရိတောရက်စ်တို့ ယှဉ်ပြိုင်မည့် ပွဲစဉ်များပါဝင်မည် ဖြစ်သည်။  ယင်းပြိုင်ပွဲ ကို ပြည်တွင်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် စကိုင်းနက်အားကစားချန်နယ်မှ တိုက်ရိုက်ပြသမည် ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို ရိုးရိုးတန်းကျပ် တစ်သောင်း၊ နှစ်သောင်းခွဲ၊ အထူး တန်းကျပ်ငါးသောင်း၊ VVIP တန်း ကျပ်နှစ်သိန်း သတ်မှတ်ထားသည်။

(7days)