ကက်တလန်သမ္မတ၏ ဆွေးနွေးပွဲ တောင်းဆိုခြင်းကို စပိန်ပယ်ချ

မက်ဒရစ်၊ အောက်တိုဘာ ၁၁

ကာတာလိုနီးယား ပြည်သူတို့၏ အောက်တိုဘာ ၁ ရက်က စပိန်မှ လွတ်လပ်ရေးခွဲထွက်သည့်  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ဥပဒေနှင့် အညီပြုခြင်းအား စပိန်အစိုးရအနေဖြင့် လက်ခံမည် မဟုတ်သကဲ့သို့ လွတ်လပ်ရေး ခွဲထွက်မှု အများစုမဲပေးသော အရှေ့မြောက်ပိုင်းဒေသ ကက်တလန် လွှတ်တော်၏ မည်သည့်အဆိုကိုမျှ နားလည်လက်ခံပေးမည် မဟုတ်ကြောင်း စပိန်ဒုတိယဝန်ကြီးချုပ်က အောက်တိုဘာ ၁၀ ရက်တွင် ထပ်လောင်း ပြောဆိုသည်။

ကက်တလန်သမ္မတ ချားစ်ပီးဒီမွန့်က ဘာစီလိုနာမြို့ရှိ ဒေသလွှတ်တော်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲက ၄င်းတို့အစိုးရကို ကက်တလန်လွတ်လပ်ရေးအား ဥပဒေပြုပိုင်ခွင့်ကို   ပေးအပ်ခြင်းပဲ   ဖြစ်ကြောင်း ပြောလိုက်ပြီးနောက်တွင် ဒုတိယဝန်ကြီးချုပ်ဖြစ်သူ အမျိုးသမီး ဆိုရာယာဆန်းဒီဆန်တာမာရီယာက ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ်သည်။ သို့သော် ချားစ်ပီးဒီမွန့်က စပိန်နှင့် ဆွေးနွေးရေး အချိန်ခွင့်ပြုရန် လွတ်လပ်ရေး ခွဲထွက်မှုကို ဆိုင်းထားဖို့ ကက်တလန်လွှတ်တော်တွင် တိုက်တွန်းခဲ့သည်။

စပိန် ဝန်ကြီးချုပ်၏ နေအိမ် Moncloa နန်းတော်ရာတွင် မိန့်ခွန်းပြောကြားသည့် ဆန်တာမာရီယာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကက်တလန်ဒေသ လူ့အသိုင်းအဝန်းကို ကြီးမားသည့် မရေမရာဘဝထဲ ပီးဒီမွန့်က တွန်းပို့နေသည်ဟုလည်း စွပ်စွဲသည်။ ထို့ပြင် ပီးဒီမွန့်၏ ပြောဆိုမှုသည် ကိုယ်ဘယ်သွားမှန်း၊ ဘာလုပ်ချင်မှန်း မသိသူအဖြစ်ကို ပြသနေခြင်းပဲ ဖြစ်သည်ဟုလည်း ၄င်းက ပြောဆိုသည်။

ပီးဒီမွန့်အနေဖြင့် စပိန်အစိုးရအပေါ် လွတ်လပ်ရေး ပြောဆိုပိုင်ခွင့် မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော စေ့စပ်ဆွေးနွေးမှုဆိုသည်မှာ ဥပဒေကို လေးစားသူများအတွက်သာ ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။ ကက်တလန် လွတ်လပ်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို စပိန်တရားရုံးက တားမြစ်ကာ တရားမဝင်ကြောင်း ကြေညာထားခြင်းကို ရည်ညွှန်းပြီး ဆန်တာမာရီယာက ပြောဆိုခဲ့ခြင်းဖြစ်သည်။

(Mizzima)