NCA လက်မှတ်ရေးထိုးမှု ၂ နှစ်ပြည့်အခမ်းအနား နိုင်ငံတော်အဆင့်ပြုလုပ်ရန် စီစဉ်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် နှစ်ပတ် လည် အခမ်းအနားကို နိုင်ငံတော်အဆင့် ပြုလုပ်ရန် သဘောတူညီမှုရရှိပြီး အခမ်းအနားကျင်းပရေးပြင်ဆင် သည့် ဆွေးနွေးပွဲကို ရက်ပိုင်းအတွင်း ပြုလုပ်မည်ဟု အစိုးရနှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ကိုယ် စားလှယ်များက ပြောသည်။

အောက်တိုဘာ ၁၅ ရက် တွင် ကျရောက်မည့် NCA လက် မှတ်ရေးထိုးမှု ၂ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးတို့ မိန့်ခွန်း ပြောကြားရန် အစီအစဉ်ရှိကြောင်း NCA လက်မှတ် ထိုးရှစ်ဖွဲ့ကိုယ်စားလှယ်ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

‘‘ရုံးဖွင့်ရက်တွေမှာ NCA နှစ်ပတ်လည်နေ့အတွက် ပြင်ဆင် တာတွေလုပ်မှာပါ’’ ဟုသမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။ NCA နှစ်ပတ်လည်ပွဲအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် အောက်တိုဘာ ၁၀ ရက်တွင် ဆွေးနွေးရန်ရှိကြောင်း ဗိုလ်မှူး ကြီးခွန်ဥက္ကာက ပြောသည်။

‘‘နှစ်ပတ်လည်နေ့က ကျွန်တော်တို့အတွက်က နည်းနည်းငြိမ်နေတဲ့၊ သွေးနည်းနည်းအေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစ်ချက်ပြန်ပြီးနှိုးလိုက်တဲ့ နှစ်ပတ်လည်နေ့ပေါ့။ နှစ်ပတ်လည်နေ့ပြီးတာနဲ့ ဆက်တိုက်အစု အဖွဲ့တွေဆက်လုပ်ရမယ့်ဟာ တွန်းတွန်းတိုက်တိုက်လုပ်သွားပြီးတော့ ဒီဇင်ဘာအထိ အလုပ်ရှုပ် သွားနိုင်တာ ပေါ့’’ ဟု ၎င်းကဆိုသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယ အစည်းအဝေးကို ဒီဇင်ဘာတွင် ကျင်းပနိုင်ရန် အစီအစဉ်ရှိ ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအပြီးနောက်ပိုင်း လေးလကျော်အထိ အစိုးရနှင့် NCA လက်မှတ် ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ မပြု လုပ်နိုင်ခဲ့ပေ။ ယခု NCA  ၂ နှစ်ပြည့်မှစ၍ ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကာ လာမည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ ကြိုးစားနေသည်။

NCA တွင်ပါဝင်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုး သားတပ်ဦး(CNF)၊ ရခိုင်လွတ် မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် KNLA ငြိမ်းချမ်းရေး ကောင်စီတို့ဖြစ်သည်။