မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းချုပ် တတိယအကြိမ်ညီလာခံ မော်လမြိုင်တွင် ကျင်းပ

 

မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေး အသင်းချုပ်အနေဖြင့် အသင်းအဖွဲ့ တရားဝင်မှတ်ပုံတင်နိုင်ရေးနှင့် ပတ်သက်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရေး တတိယအကြိမ် ညီလာခံကို အောက်တိုဘာ ၈ ရက် က မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ ဓမ္မနန္ဒီစာသင် တိုက်တွင် ကျင်းပခဲ့သည်။

အဆိုပါညီလာခံတွင် အသင်းကြီး၏ အခြေခံဥပဒေ၊ စည်းမျဉ်းစည်းကမ်းများချမှတ်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အသင်းချုပ်ဗဟိုဥက္ကဋ္ဌ ဦးလှထွန်း ကဆိုသည်။ ‘‘ဒီညီလာခံမှာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ဟာ နိုင်ငံတော်ကိုအထောက်အကူပြု နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က စည်းနဲ့ကမ်းနဲ့ ဥပဒေဘောင်အတွင်းထဲကနေ လုပ်ဆောင်ချင်တယ်။ အဲဒီ အတွက် ကြောင့်လည်း ပြည်ထောင်စုအဆင့်အထိကို အသင်းမှတ်ပုံတင်နိုင်ရေး အတွက် ဆွေးနွေးသွားကြမှာဖြစ်ပါ တယ်’’ ဟု ဦးလှထွန်းက ပြောသည်။

ညီလာခံကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ရှိသည့် တိုင်းနှင့် ပြည်နယ်များမှ အသင်းအဖွဲ့ဝင် ၂၀၀ ခန့် တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့ချုပ် ဦးတည်ချက်ဖြစ်သည့် နိုင်ငံတော်၏မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် စစ်ဘေးတို့ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ လက်ရှိတွင် ရခိုင်အရေးကိစ္စများကို ရန်ကုန်တိုင်းဒေသကြီး၌ အခြေချ၍ အားကြိုးမာန် တက် ကူညီဆောင်ရွက်ပေးနေ ကြောင်း ဦးလှထွန်းကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ချုပ်အနေဖြင့် ရခိုင်ပြည်နယ်မှအပ နေပြည်တော်အပါအ၀င် ပြည်နယ်နှင့်တိုင်း ၁၄ ခုစလုံးတွင် ဖွဲ့စည်းထားပြီး လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၌ လူမှုကူညီကယ်ဆယ်ရေး သင်တန်းများပေးကာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအသင်းချုပ်ညီလာခံများကို  ယခုနှစ်ဇူလိုင်က ရန်ကုန်နှင့် အောက်တိုဘာ ပထမပတ်က ပြင်ဦးလွင်မြို့တို့တွင်ကျင်းပခဲ့သည်။