ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်-မြန်မာပွဲနှင့်ပတ်သက်၍ အေအက်ဖ်စီ အကြောင်းမပြန်သေး

လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်နှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ အာရှဖလား ခြေစစ်ပွဲနှင့်ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ်(AFC)က အကြောင်း မပြန်သေးကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ယင်းပွဲကို မူလက စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပရန် စီစဉ်သော်လည်း လုံခြုံရေး အခြေအနေကြောင့် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်က ပွဲ ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ပြီး ပြန်လည်ကျင်းပမည့် ရက်၊ အချိန်နှင့် နေရာတို့ကို အာရှဘောလုံးအဖွဲ့ ချုပ်က ရေးဆွဲထုတ်ပြန်မည်ဖြစ်သည်။

‘‘ဒီပွဲကို ရွှေ့မယ်ဆိုတာကို ပွဲမတိုင်ခင် တစ်ရက်အလို ကာဂျစ္စတန်ရောက်ပြီးမှ သိရတယ်။ အခက်အခဲတွေ ကြုံခဲ့ရတယ်။ ပြန်ကစားမယ်ဆိုရင် ကစားသမားတွေ ပြန်စုရမယ်။ ပြင်ဆင်ရမယ် ဆိုတာမျိုးတွေ ရှိတယ်။ အဲဒီအတွက်ကြောင့် အာရှဘောလုံးအဖွဲ့ချုပ်ကို ဖြစ်စဉ်အားလုံးကို ပြန်ကြည့်ပေးဖို့ တောင်းဆိုထားတယ်။ ဒီရက်ပိုင်းအတွင်း သူတို့ ဆုံးဖြတ်ပေးမယ်လို့ သိရပါတယ်’’ဟု ဦးကိုကိုသိန်းက ပြောသည်။

 ယင်းပွဲစဉ်ကို ပြန်လည် ကျင်းပဖြစ်ပါက လာမည့် နိုဝင်ဘာ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်ခွင့် ရရန် အာရှဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားကြောင်း ၎င်းကပြောသည်။

မြန်မာနှင့်ကာဂျစ္စတန် အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက် (ယနေ့) ည (၇း၀၀) နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်သည်။ မြန်မာအိမ်ကွင်း၌ ယှဉ်ပြိုင်မည့် ယင်းခြေစစ်ပွဲတွင် ဧည့်သည် ကာဂျစ္စတန်အသင်း အနေဖြင့် လုံခြုံရေးနှင့်ပတ်သက်ပြီး မစိုးရိမ်ရန် တိုးမြှင့် ဆောင်ရွက် မည်ဖြစ်ကြောင်း ဦးကိုကိုသိန်း က ပြောသည်။

(7days)