ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲတွင် ရာဖယ်နဒါး ဗိုလ်စွဲ

မနေ့က တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ချိုင်းနားအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး ရာဖယ် နဒါးက သြစတြေးလျက နစ်ကီရိုဂျီရိုစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။

ကမ္ဘာ့နံပါတ်တစ် နဒါးအတွက်တော့ ဒီနှစ်ရာသီထဲမှာ ၆ ကြိမ်မြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

စပိန်သား နဒါးဟာ လိုက်အားကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပထမပွဲမှာ Drop Shot တွေနဲ့ အမှတ်ယူ နိုင်ခဲ့ပါတယ်။ ပထမပွဲကို နဒါးက ၆ – ၂ နဲ့ အနိုင်ရသွားပါတယ်။

ကမ္ဘာ့အဆင့် ၁၉ ဖြစ်တဲ့ ကီရိုဂျီရိုစ်ဟာ ဒီနှစ်ရာသီထဲမှာ ပထမဆုံး ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့် ထားတာပါ။

ဒုတိယပွဲမှာတော့ အသက် ၃၁ နှစ်အရွယ် နဒါးက အမှတ်ပြတ် ဦးဆောင်ပြီး ၆ – ၁ နဲ့ အနိုင်ရသွားပါတယ်။ နဒါးအတွက်တော့ ၁၂ ပွဲဆက်တိုက် အနိုင်ရတာပါ။

အခုရတဲ့ ချိုင်းနားအိုးပန်း ချန်ပီယံဆုဟာ နဒါးအတွက်တော့ ၂၀၀၅ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြန်လည် ရယူနိုင်တာ ဖြစ်ပါတယ်။

(ရိုက်တာ)