Facebook ကို ပိတ်ပင်တားမြစ်သွားမယ်လို့ ရုရှားခြိမ်းခြောက်

အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ရုရှားနောက်ခံ အဖွဲ့ အစည်းတစ်ခုမှ သတင်းမှားဖြန့်ချီဖို့ ဒေါ်လာ သိန်းနဲ့ချီ အသုံးပြုခဲ့ကြောင်း Facebook မှ ဖွင့်ချလိုက်ပြီးနောက် ရုရှားဘက်မှလည်း နောက်နှစ်အတွင်း Facebook ကို ban သွားမယ်လို့ ခြိမ်းခြောက်လိုက်ပြီ ဖြစ်ပါတယ်။

ရုရှားရဲ့ နိုင်ငံပိုင် မီဒီယာအေဂျင်စီတစ်ခု ဖြစ်တဲ့ Roskomnadzor ဟာ ရုရှားနိုင်ငံ ဒေတာသိုလှောင်ရေး ဥပဒေနဲ့ ငြိစွန်းပါက Facebook ကို အရေးယူပိတ်သိမ်းသွားမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက အသက်ဝင်ထားတဲ့ ဥပဒေလည်းဖြစ်ပြီး ရုရှားနိုင်ငံသားများရဲ့ ကိုယ်ရေး အချက်အလက်ကို Facebook မှ ရယူထားတာဖြစ်လို့ ဒါတွေကို ဖွင့်ချမယ်ဆိုရင် ဥပဒေကြောင်းအရ ငြိစွန်းသွားမှာ ဖြစ်ပါတယ်။

ယခုလဆန်းပိုင်းမှာ Facebook မှ ရုရှားနိုင်ငံမှ အကောင့်ပေါင်း ၄၇၀ ကျော်ကနေ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ပုံမှားရိုက်မယ့် ကြေငြာပေါင်း ၃၃၀၀ ခန့် အတွက် ဒေါ်လာ ၁ သိန်း (ပေါင် ၇ သောင်း ၇ ထောင်)အသုံးပြုခဲ့တယ်လို့ ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Facebook ဟာ အမေရိကန်နိုင်ငံရဲ့ အထူးစုံစမ်းစစ်ဆေးရေး အရာရှိများနဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲကာလ မသမာမှုများကို ဖော်ထုတ်စုံစမ်းနေ တာပါ။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ရုရှားအဖွဲ့အစည်းများဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တရားမဝင်ပတ်သတ်ခဲ့တယ်လို့ သံသယရှိခံရပါတယ်။ ဒီရွေးကောက်ပွဲ အတွင်း Facebook အပါအဝင် လူမှုကွန်ရက်များဟာ သတင်းမှား ဖြန့်ချီရာနေရာဖြစ်ခဲ့ခြင်းအပေါ် ဘီလ်ဂိတ်စ် အပါအဝင် နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များမှ ဝေဖန်ခဲ့ကြပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာပဲ အမေရိကန်အခြေစိုက် ကမ္ဘာကျော် အလုပ်အကိုင်ရှာဖွေရေး ဆိုက်တစ်ခုဖြစ်တဲ့ LinkedIN ကို ဒေတာသိုလှောင်ရေး ဥပဒေနဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့  Facebook ကိုသာ ပိတ်ပင်အရေးယူသွားမယ်ဆိုရင်တော့ နောက်ထပ် ရုရှားနိုင်ငံအတွင်း ကမ္ဘာကျော် အမေရိကန်လူမှုကွန်ရက် တစ်ခုရဲ့ ကျဆုံးခန်းကို တွေ့ မြင်ရဦးမှာ ဖြစ်ပါတယ်။

(Duwun)