ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နယ်မြေကွင်းဆင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်မှုအားပေး

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦး တင်စိုး၊ ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ပျော်ဘွယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက်တွင်ဖွင့်လှစ်သော ပျော်ဘွယ်မြို့နယ် ထရံကာအုပ်စု သာစည်ကျေးရွာ ရွာတွင်းကျောက်ချော လမ်းဖွင့်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါရွာတွင် ကျောက်ချောလမ်းသည် လူထုဗဟိုပြုစီမံကိန်း၏ ခွင့်ပြုငွေကျပ် ၅၃၉၃၆ဝဝ နှင့် ကျေးရွာလူထုထည့်ဝင်ငွေကျပ်ခုနစ်သိန်းဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းနောက် ဗဟိုအလုပ် အမှုဆောင်နှင့်အဖွဲ့သည် စပယ်ကုန်းအုပ်စု ပဲ့တန်ကျေးရွာသို့ သွားရောက်၍ အဆိုပါကျေးရွာ မူလတန်းကျောင်းတွင်ပြုလုပ်သော ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော အာဟာရဒါန နှင့် စာအုပ်၊ ခဲတံလှူဒါန်းပွဲသို့ တက်ရောက်အားပေးခဲ့သည်။
အဆိုပါ အာဟာရဒါနကို ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်ဦးသက်ဦးက လှူဒါန်းခြင်းဖြစ်ပြီး စာအုပ် ၄၉ ဒါဇင်နှင့် ခဲတံ ၂၉ ဒါဇင်ကို ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် နှစ်ရက်ဆက်တိုက် စံချိန်တင်မိုးရွာသွန်းမှု ကြောင့် ကျေးရွာအတွင်း ရေဝင်ရောက်နစ်မြုပ်လျက်ရှိသော ဧကရာဇ်ကုန်းအုပ်စု ဘုမကုန်းရွာ၊ ဧကရာဇ်ကုန်းရွာ၊ ရွာသစ်၊ ဇောင်ချမ်းကုန်းရွာနှင့် ရေလည်ကွေ့ကျေးရွာများသို့သွားရောက်၍ရေဝင် နေအိမ်များအား အမှတ်(၄၁၈)ခြေမြန်တပ်ရင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊      ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပြောင်းရွှေ့ပေးနေမှုကိုကြည့်ရှုပြီး ရေအခြေအနေကိုအမြဲမပြတ် စောင့်၍ကြည့်ရှုရန်နှင့် အချိန်နှင့်တစ်ပြေးညီ သတင်းပို့ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

အဆိုပါကျေးရွာ ငါးရွာမှ အိမ်ခြေ ၃၁၅ရွာ ရေဝင်ရောက်နစ်မြုပ်လျက်ရှိပြီး နီးစပ်ရာဘုန်းတော် ကြီးကျောင်းများနှင့် နေအိမ်အမြင့်များသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)