နည်းပြ အန်ဒရေအဂ္ဂါဆီအား ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေမည်ဟု ဂျိုကိုဗစ်အတည်ပြု

ပြီးခဲ့တဲ့ မေလမှာ စတင်လက်တွဲခဲ့တဲ့ နည်းပြ အန်ဒရေအဂ္ဂါဆီအနေနဲ့ စာချုပ်သက်တမ်းပြည့်မယ့် လာမည့် ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း ဆားဘီးယားတင်းနစ် ကစားသမား ဂျိုကိုဗစ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အဂ္ဂါဆီ နည်းပြအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ဂျိုကိုဗစ်အနေဖြင့် ပြင်သစ်အိုးပင်းနဲ့ ၀င်ဘယ်ဒန်အိုးပင်း တင်းနစ်ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် အဂ္ဂါဆီကို စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ဆက်လက်ထားရှိသွားမှာဖြစ်ပြီး သက်တမ်းထပ်မံတိုး၊ မတိုးကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ၀င်ဘယ်ဒန်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပြိုင်ဘက်ကစားသမား ဘာဒစ်ခ်ျနဲ့ ယှဉ်ပြိုင်ကစား ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ တံတောင်ဆစ်ဒဏ်ရာကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲကိုပါ လွဲချော်ခဲ့တဲ့ ဂျိုကိုဗစ်အနေနဲ့ ဒဏ်ရာက ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း သိရပါတယ်။

အစောပိုင်းက လာမယ့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပမယ့် သြစတျေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကိုပါ လွဲချော်မယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေကြောင်း ဂျိုကိုဗစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

  -Ref; Sky sports