NCA လက်မှတ်ထိုးနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံအဖြေရှာရန် UNFC အဆိုပြု

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညီညွတ်သောတိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံအဖြေရှာရန် အစိုးရထံ အဆိုပြုကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် UNFC ၏နိုင်ငံရေးဆိုင်ရာ ဆွေး နွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် စက်တင်ဘာ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့အကြား NCA လက်မှတ် ထိုးနိုင်ရေး ညှိနှိုင်းလာသည်မှာ ၁၅ လကျော်ကြာပြီဖြစ်သော်လည်း သိသာသည့် တိုင်းတက်မှုမရှိ၍ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံရန် အဆိုပြုခြင်းဖြစ်သည်ဟု ဦး ထွန်းဇော်က ပြောသည်။

‘‘NCA နဲ့အသေရပ်နေတယ်။ NCA နဲ့ ကွဲလွဲခြင်းမရှိရဘူး ဆိုတာတွေရှိနေတော့ တိုးတက်မှုမရှိဘူးလို့ ပြောလို့ရတယ်။ တိုးတက်မှုရှိဖို့အတွက် မူဝါဒချမှတ်တဲ့ ခေါင်းဆောင်တွေအနေနဲ့ မူဝါဒဖြေလျှော့နိုင်ဖို့ နှစ်ဖက် ခေါင်းဆောင်တွေ၊ တွေ့ဆုံဆွေးနွေးတဲ့ ခေါင်းဆောင်တွေ ကျင့်သုံးရင် ပိုပြီးတော့အဆင်ပြေမလား၊ ထိ ရောက် မလားပေါ့’’ ဟု ၎င်းကဆိုသည်။ ထို့အပြင် နှစ်ဖက်အကြား ခုနစ်ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို အောက်တိုဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ပြုလုပ်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဦးထွန်းဇော်က ပြောသည်။

အဆိုပါခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲမတိုင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်စသည့် အစိုးရ၊ တပ်မတော်ခေါင်းဆောင် များ နှင့် UNFC ဥက္ကဋ္ဌ နိုင်ဟံသာနှင့် DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်တို့ ပါဝင်သည့် ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေး အဆိုပြုခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ယခုတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့၌ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး၊ ကော်မရှင် အကြံပေး ဦးလှမောင်ရွှေတို့အပါအဝင် လေးဦးပါဝင်ပြီး DPN ဘက်မှ အဖွဲ့ ခေါင်းဆောင် ခူးဦးရယ် အပါအ ဝင် ကိုးဦးတက်ရောက်သည်။ DPN ကိုယ်စားလှယ်အဖွဲ့တွင် UNFC မှ နုတ်ထွက်ခွင့်တောင်းဆို ထားသည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်များ လည်း ပါဝင်သည်။ ယင်းနှင့်ပတ် သက်၍ ဦးထွန်းဇော် က ‘‘SSPP ရဲ့ ပါဝင်မှုနဲ့ SSPP ရဲ့ အခန်းကဏ္ဍက အရင်မူလ အနေအထားအတိုင်းပဲ ရှိသေးတယ်လို့ ပြောလို့ရ တယ်’’ ဟု ဆိုသည်။

SSPP သည် NCA မထိုးဘဲ ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) ၏ဦးဆောင်မှုဖြင့် နိုင်ငံရေးဆွေးနွေး မည်ဆိုသော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏စုဖွဲ့မှု တွင် ပါဝင်ထားသည်။ မြောက် ပိုင်းခုနစ်ဖွဲ့၏ စုဖွဲ့မှုကို အစိုးရ က အသိအမှတ်မပြုသေးပေ။ UNFC အဖွဲ့ဝင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုး နိုင်ရေး နိုင်ငံရေးနှင့် တပ်ပိုင်းဆိုင်ရာ အဆိုပြု ချက်ရှစ်ချက်ကို အစိုးရထံ တင်ပြပြီးညှိနှိုင်းနေခြင်းဖြစ် သည်။ လက်ရှိ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများသည် မွန်ပြည် သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင် စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် အဖွဲ့အ စည်းမှ နုတ်ထွက်ခွင့် တောင်း ထားသည့် SSPP တို့ဖြစ်သည်။