အားကစားတွင် အလားအလာရှိသူများကို ၀န်ထမ်းအဖြစ် ခန့်အပ်ရန် စီစဉ်မည်ဟုဝန်ကြီးပြော

အားကစားတွင် အလားအလာရှိသူများကို အစိုးရ ၀န်ထမ်းအဖြစ် ခန့်အပ်ရန် စီစဉ်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ ‘‘အလားအလာရှိတဲ့အားက စားသမားတွေကို အလုပ်ခန့်ရမယ်။ အားကစားလုပ်ပြီးတော့ ထမင်းစားဖို့၊ ညကျတော့ သူတို့ ဘာသွားစားမလဲ၊ အဲဒီလိုမရဘူး။ သူတို့ရဲ့ ဘ၀ဖူလုံရေးပေါ့။ အားကစားတော်တဲ့သူတွေကို အလုပ်တွေခန့်တဲ့နေရာမှာ ဦးစားပေး စနစ်နဲ့ ကျွန်တော်တို့လုပ်မယ်’’ ဟု စက်တင်ဘာ ၂၅ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားရုံ (B)တွင် ပြုလုပ်သည့် ၂၀၁၇ ဆီး ဂိမ်းဆုရအားကစားသမားများ အား ဂုဏ်ပြုချီးမြှင့်ပွဲ၌ ၎င်းက ပြောသည်။

အားကစားတော်သူများအား အလုပ်ခန့်အပ်ခြင်းကို တစ်တိုင်းပြည်လုံးအနေဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး အခြား ၀န်ကြီး ဌာနမှဝန်ကြီးများကိုလည်း မဲဆွယ်စည်းရုံးမည်ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။ ‘‘ဒါမှသာလျှင် အားကစား ကိုလုပ်ချင်တဲ့သူ၊ စိတ်ပါတဲ့သူရှိ မယ်’’ ဟု ၎င်းကပြောသည်။ အားကစားတွင် ထူးချွန်သူများသည် ပညာရေးအားနည်းမှုများရှိကာ အလုပ်အကိုင်၊ ရာထူးရရှိရန် စာမေးပွဲအောင်မြင်မှ ဆိုလျှင် အလုပ်မရနိုင်သော ကြောင့် ယင်းအချက်ကို လျှော့ ပေါ့ပေးမည်ဖြစ်ကြောင်း ဒေါက် တာမြင့်ထွေးက ပြောသည်။

‘‘၀န်ထမ်းမဟုတ်ဘဲသွား ကန်မယ်ဆိုရင် ကိုယ့်အလုပ်အပျက်ခံပြီး သွားကန်ရတာ။ ဖလားတစ်ခုရရင်တော့ ခံစားခွင့်တစ်ခုတော့ပေးမှာပေါ့။ အဲဒါပြီးရင် ပြီးသွားပြီကွာ၊ အခုလိုအလားအလာ ရှိတဲ့သူတွေဝန်ထမ်းခန့်မယ်ဆို ရင်ကောင်းတယ်။ ဘောလုံးကန်လို့လည်းရတယ်။ သူ့အတွက်လစာလည်းရှိတော့ အဲဒီလိုလုပ် ပေးရင်ကောင်း တာပေါ့’’ ဟု ယခင်က ၀န်ကြီးဌာန ဘောလုံးပြိုင်ပွဲများတွင် သွားရောက်ကစားဖူးသူ ကိုစိုင်းက ပြောသည်။

ထို့အပြင်ပြည်သူများအခမဲ့ ကစားနိုင်သည့် အားကစားကွင်းများ ကစားခွင့်ရှိကြောင်းမကြာမီထုတ်ပြန် ပေးမည် ဟု ဒေါက်တာမြင့်ထွေးကပြောသည်။ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၉)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) တွင် မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေးတံဆိပ် ၂၀ ခုရရှိခဲ့ပြီး နိုင်ငံအလိုက်  အဆင့်(၇)နေရာ တွင် ရပ်တည်နိုင်ခဲ့သည်။ ဂုဏ်ပြု ဆုချီးမြှင့်ပွဲတွင် ဆီးဂိမ်းပြိုင်ပွဲ၌ ဆုတံဆိပ်ရရှိသည့် မြန်မာအားကစားသမားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆုကြေးငွေကျပ်သိန်းတစ်ထောင့်ရှစ်ရာကျော်ချီးမြှင့်ခဲ့သည်။

၂၀၁၇ ဆီးဂိမ်းတွင် ရွှေတံဆိပ် ခုနစ်ခုသာရရှိသည့်မြန်မာ အားကစားအဖွဲ့အနေဖြင့် ၁၉၉၉ ဆီးဂိမ်းနောက်ပိုင်း ပြိုင်ပွဲတစ် လျှောက်(ဆီးဂိမ်းကိုးကြိမ်)၌ ရွှေတံဆိပ် ရရှိမှုအနည်းဆုံးနှစ်ဖြစ်သည်။