အဆင့်မြင့်နည်းပညာသစ်များထောက်ပံ့ပါဝင်တဲ့ Vivo ရဲ့ Flagship စမတ်ဖုန်း V7+ ကို ပြည်တွင်းမှာ စတင်မိတ်ဆက်

မျက်နှာဖြင့် ဖုန်းကို Unlock လုပ်နိုင်တဲ့ Face Access နည်းပညာအပြင် ပုံမှန်စကရင်ထက် ၂၅.၅ ရာခိုင်နှုန်း ပိုမိုကြည်လင်ပြတ်သားသော 18း9 မြင်ကွင်းကျယ် မျက်နှာပြင် FullView HD Display ၊ 24 MP ရှေ့ကင်မရာနဲ့ AK4376A Hi-Fi Chip အသံနည်းပညာများ ပါဝင်တဲ့ Vivo ရဲ့ Flagship စမတ်ဖုန်း V7+ အမည်းရောင်ကို တန်ဖိုး ၄၂၉,ဝဝဝ ကျပ်နဲ့ ပြည်တွင်းဈေးကွက်မှာ အောက်တိုဘာလ ၁ ရက်ကစတင်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“Vivo ကနေ Selfie အသားပေး ပထမဆုံး FullView မျက်နျာပြင်ပါ V7+ စမတ်ဖုန်းကို ဒီနေ့ မြန်မာပြည် ဈေးကွက်ထဲ တရားဝင်မိတ်ဆက် ပေးနိုင်တဲ့အတွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်။ V7+ ဟာ ယနေ့ လူငယ်တွေအကြိုက် ဆန်းသစ်တဲ့ ကင်မရာလုပ်ဆောင်ချက်၊ စွဲမက်ဖွယ်ဂိမ်းအတွေ့အကြုံ၊ အဆင့်မြင့် အသံစနစ်တွေနဲ့ စတိုင်ကျတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ အခုလို မိတ်ဆက်ပေးလိုက်တဲ့အတွက် Vivo အနေနဲ့ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ဈေးကွက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့လည်း မျှော်လင့် ပါတယ်” ဟု Vivo မိုဘိုင်းမြန်မာ ကုမ္ပဏီလီမိတက်မှ ဒစ်ဂျစ်တယ်ပီအာ မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းဝင်းက ပြောကြားခဲ့ပါတယ်။

အဆိုပါ Vivo V7+ စမတ်ဖုန်းမှာ 2G/3G နှင့် 4G LTE ကွန်ရက်တွေမှာ အသုံးပြုနိုင်တဲ့ GSM စနစ်သုံး ဖုန်းဖြစ်ပြီး GSM နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual SIM အမျိုးအစား ဖုန်းဖြစ်ပါတယ်။ မြင်ကွင်း အရွယ်အစား ၅.၉၉ လက်မရှိတဲ့ IPS LCD Display ကို တပ်ဆင်ထားပြီး အမြန်နှုန်း 1.8GHz ရှိတဲ့ Qualcomm Snapdragon 450 Octa-core processor ၊ 4GB RAM နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB ပါဝင်တဲ့အပြင် microSD ကနေ 256GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဂရပ်ဖစ်ပိုင်းအတွက် Adreno 506 GPU စနစ်ထောက်ပံ့ပါဝင်ပြီး f/2.0 apeture ရှိတဲ့ 16MP ကျောဘက်ကင်မရာနဲ့ 24 MP ရှိတဲ့ ရှေ့ဘက်ကင်မရာ တွေကို တပ်ဆင်ထားပါတယ်။ ကင်မရာပိုင်းမှာ မျက်နှာပြင်အလှ Face Beauty 7.0 နဲ့ Portrait ရိုက်ကူးရာမှာ DSLR ကင်မရာရဲ့ ပုံထွက်ကဲ့သို့ နောက်ခံဝါးတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ စနစ်တွေ ထောက်ပံ့ပါဝင်ပါ တယ်။ ဂိမ်းကစားချိန်အတွင်း အ၀င်ဖုန်းခေါ်ဆိုမှုနဲ့ စာတိုပို့ခြင်းတွေကို တားဆီးပေးနိုင်တဲ့ Game mode စနစ်၊ မြင်ကွင်းကို နှစ်ခုခွဲကာ လုပ်ဆောင်ချက်နှစ်ခု တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Smart Split 3.0 နည်းပညာ၊ USB OTG နည်းပညာ၊ Bluetooth 4.2 နဲ့ Wi-Fi 802.11 b/g/n/ac စနစ်တွေအပြင် လက်ဗွေလုံခြုံရေးစနစ်နဲ့ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်နိုင်တဲ့ Face Access စနစ်ထောက်ပံ့ ပါဝင်ပါတယ်။ Android 7.1 (Nougat) အခြေခံ Funtouch 3.2 OS ကို ထည့်သွင်း ထားပြီး ဘက်ထရီကတော့ Li-Ion 3225 mAh ကို အသုံးပြုထားပါတယ်။

Vivo V7+ မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်က နိုဗိုတယ်ဟိုတယ်မှာ လက်တွေ့ ကင်မရာစမ်းသပ် ရိုက်ကူးခြင်းအတွေ့အကြုံသစ်များဖြင့် မိတ်ဆက်ပြသခဲ့ပြီး အဆိုပါပွဲကို Vivo ရဲ့ Brand Ambasssdor နိုင်ငံကျော်တေးသံရှင် ဝိုင်းစုခိုင်သိန်းအပါအဝင် ပြည်တွင်းမှ အနုပညာရှင်များ၊ မော်ဒယ်များ တက်ရောက်ခဲ့ပါတယ်။

-ရဲထွဋ်ဝင်း