ရခိုင်ပြည်နယ် အစွန်းရောက်အကြမ်းဖက်ခံရမှုနှင့် ပြည်ပစွက်ဖက်မှုများ ဆန့်ကျင်ရှုတ်ချပွဲ မန္တလေးမြို့တွင် ကျင်းပ

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်အကြမ်းဖက်မှုများနှင့် ပြည်ပစွက်ဖက်မှုများ ဆန့်ကျင်ရှုတ်ချပွဲကို စက်တင်ဘာ ၂၆ ရက်က မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ကျင်းပခဲ့ ပြီး မဘသဦးဆောင် ဆရာတော် ဦးဝီရသူအပါအ၀င် ရဟန်းသံဃာ အပါး ၁၀၀ ခန့်နှင့် မျိုးချစ်အင် အားစုများမှ လူဦးရေ ၃,၀၀၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရှေ့နေ ဦးဝင်းကြည်၊ ဦးအေးပိုင်နှင့် ဦးမျိုးချစ်တို့က အစွန်းရောက် အကြမ်းဖက်မှုများနှင့် ပြည်ပစွက်ဖက်မှုများအကြောင်း ဟောပြောခဲ့ပြီး တက်ရောက်လာသူများက ‘‘ရခိုင်ပြည်နယ်ကို ကာကွယ်ပါ၊ No Rohingya၊ အမိမြန်မာပြည်ကို ကာကွယ်ပါ။ ပြည်တွင်း၊ ပြည်ပမီဒီယာများမျှတမှုရှိကြပါ။ ပြည်ပစွက်ဖက်မှုများ တို့လက်မခံ၊ နိုင်ငံတော်၏ အချုပ်အခြာကို ကာကွယ်ပါ’’စသည့် ဗီနိုင်းများ ကိုင်ဆောင်ခဲ့သည်။ ဦးဝီရသူ တက်ရောက်ခဲ့သော်လည်း ဟောပြောခြင်းမရှိဘဲ ၀န်းရံသူအနေဖြင့်သာ ပါဝင်ခဲ့သည်။

‘‘လက်ရှိအစိုးရကို နိုင်ငံတကာက ဖိအားတွေပေးနေပါတယ်။ အဲဒီလိုဖိအားတွေပေးနေတာကို ပြည်သူတွေ ၀ိုင်းပြီး အစိုးရဘက်ကနေ ကန့်ကွက်ရှုတ်ချမှဖြစ်မယ်။ အစိုးရကို နောက်ကနေ ၀န်းရံရင်းနဲ့ အကြမ်းဖက်တွေကို ရှုတ်ချခြင်းဖြစ်ပါတယ်’’ဟု ဟော ပြောရာတွင် ပါဝင်ခဲ့သည့် ဦးအေးပိုင်က ပြောသည်။ ရှေ့နေ ဦးဝင်းကြည်က ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ရန် အကြံပေးခဲ့သည့် ကိုဖီအာနန်ကို ကန့်ကွက်ရှုတ်ချ ကြောင်း ထည့်သွင်း ဟောပြောခဲ့ သည်။

‘‘၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်သင့်တယ်ဆိုတဲ့အချက်ကို လက်သင့်မခံနိုင်ပါဘူး။ ကိုဖီအာနန်က မြန်မာနိုင်ငံ သား မဟုတ်သလို မြန်မာနိုင်ငံအကြောင်းလည်း မသိပါဘူး။ ဒီဥပဒေကို နိုင်ငံတကာဥပဒေတွေနဲ့ သွားယှဉ်လို့ မရ ပါဘူး’’ဟု ဦးဝင်းကြည်က ပြော သည်။ ယခုကျင်းပခဲ့သည့် ဆန့် ကျင်ရှုတ်ချပွဲကို မူလက စက်တင် ဘာ ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေပြ မိန့်ခွန်းကို LED ဘုတ်ဖြင့်ပြသမည့် နေရာ၊ အချိန် တိုက်ဆိုင်နေသော ကြောင့် ခွင့်ပြုချက်မရခဲ့ဘဲ ရက်ရွှေ့ ပြုလုပ်ခြင်းဖြစ်သည်။

7day daily