ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ်ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၁၂နာရီခွဲက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်နှစ်ခုမှ ခရိုင်နှင့်မြို့နယ် ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် အတွင်းရေးမှူးဦးသာဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့   နယ်ပါတီဥက္ကဋ္ဌများတက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌများအနေဖြင့် မိမိတို့မြို့နယ်များအတွင်း လုပ်ဆောင်ချက်များကို တစ်မြို့နယ်စီ  တင်ပြကြရန်နှင့် လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့်ကိစ္စများကို အများပြည်သူသိရှိစေရန် ချပြဆွေးနွေးကြဖို့လိုကြောင်း၊ နိုင်ငံရေး၊ အမျိုးသားရေးလုပ်ငန်းများတွင် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်ဥက္ကဋ္ဌများက မိမိတို့မြို့နယ်၏ လုပ်ဆောင် ချက်များကို တင်ပြကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)