ပင်နယ်တီကန်ခွင့်ကို လက်လွှတ်ပေးပါက ယူရိုတစ်သန်းပေးမည်ဟု ကာဗာနီကို ပီအက်စ်ဂျီကမ်းလှမ်း

ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသည် တိုက်စစ်မှူး ကာဗာနီကို ပင်နယ်တီကန်သွင်းခွင့်အား နေမာထံသို့ လွှဲပြောင်းပေးလိုက်မည်ဆိုပါက အပိုဆုကြေးအကျိုးခံစားခွင့် ယူရို တစ်သန်းပေးမည်ဟု ကမ်းလှမ်းလိုက် သော်လည်း ကာယကံရှင်ကစားသမားဖြစ်သူက လက်မခံခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် ပီအက်စ်ဂျီက လိုင်ယွန်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်အပြီးတွင် ကာဗာနီနှင့် ၎င်း၏အကျိုးတော်ဆောင်များကို ခေါ်ယူတွေ့ဆုံ၍ ယင်းကိစ္စကို ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပီအက်စ်ဂျီနှင့် လိုင်ယွန်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ကာဗာနီနှင့် နေမာတို့၏ သဘောထားတင်းမာမှုမှာ ဘောလုံးကွင်းတွင်းမှနေ၍ အ၀တ်လဲခန်းထိတိုင် ဆက်ခဲ့သည်။

ပီအက်စ်ဂျီသည် ကာဗာနီကို ပြင်သစ်လီဂူးပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ပါက ပေးချေရန် စီစဉ်ထားသည့် အပိုဆုကြေးကို ပင်နယ်တီကန်ခွင့်အား စွန့်လွှတ်ပေးခြင်း၏ အကျိုးခံစားခွင့်အဖြစ် ပြောင်းလဲ ပေးအပ်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေများအရ နေမာနှင့် ကာဗာနီတို့ နှစ်ဦးအနက် အသင်းပင်နယ်တီ ရရှိပါက မည်သူကန်သွင်းရမည်ဆိုခြင်းကို နည်းပြ ယူနိုင်းအမ်မရီက ဆုံးဖြတ်သတ်မှတ် ပေးရဖွယ် ရှိနေပြီဖြစ်သည်။

ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ ဟင်ရီကွေးသည် လက်ရှိတွင် အသင်းခေါင်းဆောင်များဖြစ်ကြသည့် သီယာဂို ဆေးလ်ဗားနှင့် သီယာဂို မော့တာတို့ကိုခေါ်ယူတွေ့ဆုံ၍ ကာဗာနီနှင့် နေမာတို့နှစ်ဦးအား ပင်နယ်တီ နှင့် ပြစ်ဒဏ်ဘော အခွင့်အလမ်းများအတွက် မည်သို့မည်ပုံ ခွဲဝေပေးသင့်သည်ကို ညှိနှိုင်းတိုင်ပင်နေပြီဖြစ်ပြီး များမကြာမီက နေမာမှာ ကာဗာနီကို ရောင်းထုတ်ပစ်လိုက်ရန်အထိ အသင်းတာဝန်ရှိသူများကို ဖိအားပေး တောင်းဆိုခဲ့သေးသည်။

(The Reader)