တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ(၁ဝ)ကြိမ်မြောက်ဆွမ်းလောင်းပွဲကျင်းပ
တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ (၁ဝ)ကြိမ်မြောက် ဆွမ်းလောင်းပွဲတော်ကို ယနေ့ နံနက် ၄နာရီမှစတင်ကာ မြို့နယ်ပါတီရုံးရှေ့တွင် ကျင်းပခဲ့သည်။
ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ အဆိုပါဆွမ်းလောင်းပွဲတော်သို့ တိုက်ကြီးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း ၅၅ကျောင်းတို့မှ သံဃာတော် ၆၇၄ပါး ကြွရောက်တော်မူကြသည်။
ယင်းနောက် မြို့နယ်သံဃာ့ မဟာနာယကတွဲဖက်အကျိုးတော်ဆောင် မင်းကျောင်းကြီး ကျောင်းတိုက်ဆရာတော်ဦးကောဝိဒထံမှ ကြွရောက်လာကြသော တရားနာပရိသတ် အပေါင်းတို့က သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ကာ ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော် ၆၇၄ပါးအား ဆွမ်းလောင်းလှူပွဲရေစက်ချ တရား တော်နာကြားကြပြီး ဆရာတော်ထံ လှူဖွယ် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းကာ ပြုပြုသမျှ ကုသိုလ်ကောင်းမှုအစုစုတို့ကို အမျှအတန်းပေးဝေကြသည်။
အဆိုပါဆွမ်းလောင်းပွဲတော်သို့ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးဟန်စိန်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးခင်မောင်မြင့်၊ အတွင်းရေးမှူးဦးကျော်လင်းဇော်၊ စည်းရုံးရေးရာတာဝန်ခံ ဦးကျော် မင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ လူငယ်၊ အမျိုးသမီး ရေးရာအဖွဲ့များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်ပါတီဝင်များ၊ မြို့နယ်ပါတီရုံးအဖွဲ့များ ပူးပေါင်း ကာ ဆွမ်းလောင်းလှူ ကုသိုလ်ယူဆောင်ရွက် ကြကြောင်း သိရသည်။
တင်မောင်ဇော်(တိုက်ကြီး)