ရေဆက်တက်၍ ကလေးနှင့် ကလေးဝမြို့ရှိ လူဦးရေ တစ်သောင်းခန့် ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မိုးလျော့သွားသော်လည်း မြစ်ရေဆက်လက်တက်နေသော ကြောင့် ရေဘေးသင့် လူဦးရေတိုးနေကာ စုစုပေါင်း တစ်သောင်းခန့်သည် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးနှင့် ကလေးဝမြို့၌ ရေ ဘေးရင်ဆိုင်နေရပြီး ကလေးမြို့မှ လူဦးရေ ၉,၄၀၀ ကျော်၊ ကလေးဝမြို့မှ လူဦးရေ လေးရာကျော်သည် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစ၀ီလီဖရန့်က ပြောသည်။ တစ်ရက်အတွင်း ရေဘေးကြောင့် လူဦးရေ ငါးထောင်ခန့် တိုးလာခြင်းဖြစ်သည်။

‘‘မြစ်ရေတွေ တိုးလာတော့ လူတွေ ဆက်ရွှေ့ပေးနေရတယ်။ ကယ်ဆယ်ရေးစခန်းက ၁၇ ခု ဖွင့် ထားရတယ်။ ရေဘေးသင့်သူတွေ အနေနဲ့ အနည်းဆုံး နောက်လေး ရက်လောက် ကယ်ဆယ်ရေးစ ခန်းမှာ နေရနိုင်တယ်’’ဟု ဦးစ၀ီ လီဖရန့်က ပြောသည်။

 ရေကြီးနစ်မြုပ်မှုကြောင့် ကလေးနည်းပညာ တက္ကသိုလ် တွင် ပိတ်မိနေသည့် ဆရာ၊ ဆရာမ၊ ကျောင်းသားများနှင့် ကျောင်း ၀န်ထမ်းများအပါအ၀င် စုစုပေါင်း ၉၆ ဦးအတွက် စားသောက်ကုန် နှင့် အသုံးအဆောင်များကို အစိုး ရနှင့် ဒေသခံလူမှုရေးအဖွဲ့များက ပို့ဆောင်ပေးနေကြောင်း ကလေးခရိုင် သဘာဝဘေးကယ်ဆယ်ရေးကော်မတီက ပြောသည်။

စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကလေးမြို့နယ်အတွင်း တံတားလေးစင်းပျက်စီးခဲ့ပြီး ပျက်စီးမှု စာရင်းအပြည့်အစုံကို လတ်တလော ကောက်ယူ၍ မရသေးကြောင်း ဦးစ၀ီလီဖရန့်က ပြောသည်။

စက်တင်ဘာ ၁၅ ရက် မှ စတင်ကာ နေ့စဉ်ရွာသွန်းသောမိုးသည် စက်တင်ဘာ ၂၁ ရက်တွင် ရွာသွန်းခြင်းမရှိ၍ ရေကြီးနစ်မြုပ်မှု သက်သာရာရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မိုးအား လျော့သွားသော် လည်း မြစ်ရေများ ဆက်လက်ခြင်း တက်နေပြီး စက်တင်ဘာ ၂၁ ရက် တိုင်းတာချက်အရ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် စိုးရိမ်ရေမှတ်အထက် ခုနစ်ပေခန့် ကျော်လွန်နေဆဲဖြစ်သည်။ မြစ်သာမြစ်နှင့် ထိစပ်နေသော ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ကျော်လွန်နေသည်။

 

(7days)