ထိုင်း ယူ-၁၈ အသင်း ငါးကြိမ်မြောက် ဗိုလ်စွဲ

 

၂ဝ၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပရာ ထိုင်းအသင်းဗိုလ်စွဲခဲ့သည်။ တတိယနေရာလုပွဲတွင် အင်ဒိုနီးရှား အသင်းက မြန်မာအသင်းကို ၇ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည်။ မြန်မာအသင်းသည် ဗိုလ်လု ပွဲနှင့်လွဲချော်ခဲ့၍ တတိယနေရာရရန်ကြိုးပမ်းခဲ့သော်လည်း အင်ဒိုနီးရှားအသင်းက အုပ်စုပွဲထက် ကစားပုံပိုမို ကောင်းမွန် သောကြောင့် ရှုံးနိမ့်ခဲ့ရသည်။

မြန်မာအသင်းခံစစ်ပိုင်းမှာ အင်ဒိုနီးရှား အသင်း၏ သွင်းဂိုးများကို အလွယ် တကူခွင့်ပြုခဲ့ရပြီး တိုက်စစ်ပိုင်းကလည်း အားနည်းချက်များရှိခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ပွဲထွက်လူ စာရင်းကို အနည်းငယ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အဓိက ကွင်းလယ် ကစားသမားများဖြစ်သည့် မြတ်ကောင်းခန့်နှင့် အံ့မော်ဦးတို့ကို အနားပေးထားသောကြောင့် ပွဲအစတွင် ကစား ကွက်တည်မရဖြစ်ခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားအသင်းက မြန်မာခံစစ်ပိုင်း အားနည်းမှုကို အခွင့်ကောင်း ယူကာ တိုက်စစ်ဆင်ကစားပြီး ပထမပိုင်းတွင်ပင် သုံးဂိုးပြတ်သွင်းယူခဲ့သည်။

အင်ဒိုနီးရှားအတွက်ဂိုးများကို ၁၃ မိနစ်တွင် ရာဖလီ၊ ၂၇ မိနစ်တွင် ဆူလီမန်၊ ၃၄ မိနစ်တွင် မစ်ကာရီတို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် မြန်မာအသင်းချေပ ဂိုးရရန် တိုက်စစ်အားမြှင့်လာခဲ့ပြီး အခွင့်အရေး များပြန်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ လွင်မိုးအောင်၏ ကန်ချက် တိုင်ထိထွက်ခဲ့သလို ဝင်းနိုင်ထွန်းနှင့် စိုးမိုးကျော်တို့၏ ဂိုးသွင်းမှု များမှာလည်း လွဲချော်ခဲ့ရသည်။ အင်ဒိုနီးရှား အသင်းအတွက် ဂိုးများကို မိနစ် ၆ဝ တွင် ရာဖလီ၊ ၇၃ နှင့် ၉၂ မိနစ်တို့တွင် ပူထရာ၊ ၈၆ မိနစ်တွင် ဗစ်ကာရီတို့ကသွင်းယူခဲ့ပြီး မြန်မာအတွက် ချေပဂိုးတစ်ဂိုးကို ၉၁ မိနစ် တွင် ပြည့်စုံနိုင်က သွင်းယူခဲ့သည်။

ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မလေးရှား အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေပြီး ထိုင်း အသင်းအတွက် အနိုင်ဂိုးများကို ၄၉ မိနစ် တွင် ပန်ရာ၊ ၅၁ မိနစ်တွင် ကာမန်တို့က သွင်း ယူခဲ့ပြီး ငါးကြိမ်မြောက် ချန်ပီယံဆုကို ရယူ နိုင်ခဲ့သည်။ ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ပထမ ဆုရ-ထိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုဖလားဒုတိယဆုရ-မလေးရှားအသင်း နှင့် တတိယဆုရ အင်ဒိုနီးရှားအသင်းအား တစ်ဦးချင်းဆုတံဆိပ်တို့ကို မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာဆီယံ ဘောလုံး အဖွဲ့ ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများက ဆုများပေးအပ်သည်။

   (မြ၀တီ)