မလေးရှားနဲ့ ပွဲအတွက် ၀ှက်ဖဲ ရှိသေးတယ်လို့ဆိုတဲ့ မြန်မာယူ – ၁၈ နည်းပြ ဘန်လာဘီ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာ အသင်းက အုပ်စုနောက်ဆုံးပွဲတွင် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းအနေနဲ့ မလေးရှားအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်အတွက် မိမိမှာဝှက်ဖဲကစားသမား ရှိသေးတယ်လို့ မြန်မာယူ-၁၈ နည်းပြချုပ် ဘန်လာဘီက ထုတ်ဖော် ပြောခဲ့ပါတယ်။

“ကျွန်တော်တို့အရေးကြီးတဲ့ အုပ်စု နောက်ဆုံးပွဲမှာ ဗီယက်နမ်ကို ဦးဆောင်ဂိုပေးပြီး လိုက်ကစားခဲ့ရပါတယ်။ ဒါဟာ အင်မတန် ခက်ခဲတဲ့ ကာလတစ်ခုပါ။ဒါပေမယ့် ကျွန်တော့် ကစားသမားတွေ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဓိက ကွင်းလယ်ကစားသမား လွင်မိုးအောင်ကို ဒုတိယပိုင်း ၇၀လောက်မှ ထည့်ကစားစေတာကလည်း သူ့မှာ injury ပြဿနာ အနည်းငယ် ရှိနေတာကြောင့်ပါ။

ဒါပေမယ့်လည်း မစိုးရိမ်ပါနဲ့။ ကျွန်တော့်မှာ ဘယ်လို recovery ပြန်လုပ်ရမယ်ဆိုတာ ကောင်းကောင်း နားလည်တတ်ကျွမ်းထားတာမို့ ဒါကိုတော့ စိုးရိမ်စိတ်မထားပါနဲ့။ သူ့လိုပဲ နောက်ထပ် ၀ှက်ဖဲ ကစားသမားတွေ ရှိပါသေးတယ်။ မလေးရှားနဲ့ပွဲကို အနိုင်ကစားပြီး ဗိုလ်လုပွဲကို တက်ရောက်စေမှာပါ။” လို့ ဘန်လာဘီက ဗီယက်နမ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးတွင် ပြောခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းနဲ့ပွဲမှာ ကွင်းလယ်ပိုင်း အသာစီးမယူနိုင်ခဲ့ရာမှ ကျောနံပါတ် ၇ လွင်မိုးအောင် ၀င်လာပြီးနောက် သိသိသာသာ ဗီယက်နမ်အသင်းဖက်ကို ထိုးဖောက်ကစားလာနိုင်ခဲ့ပြီး ပြစ်ဒဏ်ဘောမှတဆင့် ချေပဂိုးကိုလည်းကောင်း၊ ထောင့်ကန်ဘောမှ တဆင့် လူစားဝင်ကစားသမား လွင်မိုးအောင်ကလည်းကောင်း အသီးသီးသွင်းယူကာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ဆက်လက် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။  

(Duwun)