ခေါက်နိုင်တဲ့စမတ်ဖုန်းကို လာမည့်နှစ်တွင် ဖြန့်ချိရန် Samsung ရည်မှန်းထား

Samsung Electronics အနေနဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်မျိုးကို လာမယ့်နှစ်မှာ ဖြန့်ချိဖို့ ရည်မှန်းထား တယ်လို့ ကုမ္ပဏီရဲ့ မိုဘိုင်းဌာနအကြီးအကဲ Koh Dong-jin က ပြောကြား လိုက်ပါတယ်။ ဆိုးလ်မြို့မှာ ကျင်းပ ခဲ့တဲ့ Galaxy Note 8 အတွက် မီဒီယာအခမ်းအနားတစ်ခုမှာ Koh က “ကုမ္ပဏီအနေနဲ့ ခေါက်နိုင်တဲ့ display တစ်ခုပါဝင်တဲ့ စမတ်ဖုန်းတစ်မျိုးကို ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိသွားဖို့ ရည်မှန်းထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ခေါက်နိုင်တဲ့စမတ်ဖုန်းဟာ မိုဘိုင်းဌာနရဲ့ ၂၀၁၈ အစီအစဉ်ထဲမှာ ပါဝင်တယ်လို့ Koh က ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။ “ကျွန်တော်တို့အနေနဲ့ နည်းပညာဆိုင်ရာ အတားအဆီးတွေကို ကျော်ဖြတ်ပြီးတာနဲ့ ဒီထုတ်ကုန်ကို ဖြန့်ချိသွားမှာပါလို့” သူက ဆိုပါတယ်။

ဆက်လက်ပြီး Galaxy Note 8 အတွက် ဝယ်လိုအားတွေ အလွန်မြင့်တက်နေပြီး ကြိုတင်မှာယူမှုတွေကလည်း Note series တွေမှာ အမြင့်မားဆုံးဖြစ်ခဲ့တယ်လို့ Koh က ပြောကြားခဲ့ပါတယ်။ Note8 ကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့မှာ စတင်ရောင်းချနေပါတယ်။ Note 8 ဟန်းဆက်အတွက် ကြိုတင်မှာယူမှုတွေဟာ ၅ ရက်ကျော်အတွင်း နိုင်ငံပေါင်း ၄၀ မှ ၆၅၀,၀၀၀ ခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: KoreaTimes