မြောက်ကိုရီးယား သံအမတ်ကို ပြည်နှင်ဒဏ်ပေးမည်ဟု ပီရူးကြေညာ

တကမ္ဘာလုံးက ဝိုင်းဝန်း ပြောဆိုနေတာကို လက်မခံဘဲ မြောက်ကိုရီးယားက နျူကလီးယား အစီအစဉ်တွေ ဆက်လက်ဆောင်ရွက်နေတာကြောင့် မြောက်ကိုရီးယား သံအမတ်ကို  ပြည်နှင်ဒဏ် ပေးမယ်လို့ ပီရူးနိုင်ငံက စက်တင်ဘာ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ပီရူးနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်(ယာ)။ (ဓာတ်ပုံ – ရိုက်တာ)

မြောက်ကိုရီးယား သံအမတ်ကို နိုင်ငံကနေ ထွက်ခွာဖို့ ၅ ရက် အချိန်ပေးထားတယ်လို့ ပီရူးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်မှာ ပြောခဲ့ပါတယ်။

အခုလ အစောပိုင်းမှာ မြောက်ကိုရီးယားက သူတို့ရဲ့ အကြီးဆုံး နျူကလီးယားဗုံး စမ်းသပ်မှုတခု လုပ်ခဲ့တာကြောင့် တကမ္ဘာလုံးက ဝိုင်းဝန်း ရှုတ်ချခဲ့ကြပါတယ်။

အခုလုပ်ရပ်ဟာ ပဋိပက္ခကို အငြိမ်းချမ်းဆုံးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာတာဖြစ်တယ်လို့ ပီရူးနိုင်ငံက ပြောပါတယ်။

ပီရူးနိုင်ငံရဲ့ အခုလုပ်ရပ်မျိုးကို ပြီးခဲ့တဲ့အပတ်က မက္ကဆီကိုကလည်း လုပ်ဆောင်ခဲ့ပါတယ်။

အခုအရေးနဲ့ ပတ်သက်လို့ ပီရူးနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးကတော့ ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိသေးဘူးလို့ သိရပါတယ်။

(DVB)