ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများတွေ့ဆုံမှုအပေါ် သတင်းစာရှင်းလင်း

 

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ယနေ့နံနက် ၁ဝနာရီက နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ မှုအပေါ် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့သည်။

”ဒီနေ့မှာ ကျွန်တော်တို့နဲ့ စိတ်သဘောထားချင်းတူညီတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆက်လက်ပြီး တွေ့ဆုံပြီး တနင်္ဂနွေနေ့ကလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအပေါ်မှာဝိုင်းဝန်းဆွေးနွေးအကြံပြုပြီးတော့      နိုင်ငံတော် အစိုးရကိုတိုက်တွန်းတဲ့ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ကြေညာသွား မှာဖြစ်ပါတယ်။ဒီလိုဆွေးနွေးပွဲတွေ ၄င်းတွေ့ဆုံပွဲတွေ လုပ်နေတဲ့ကာလမှာ အခြားအခြား သော သတင်းဌာနတွေကနေပြီးတော့မှ နိုင်ငံတော်ဆူပူမှုဖြစ် အောင်၊နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် နိုင်ငံရေးပါတီတစ်ခုက လုပ်နေတယ်။သွေးထိုးနေတယ်ဆိုတဲ့ စကားသံတွေ  ပြန်ထွက်လာတဲ့အတွက် ကျွန်တော်တို့ဟာ တကယ့်ကို မျိုးချစ်စိတ်ရှိတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံတော်နဲ့ နိုင်ငံသားများအရေး ကိုနိုင်ငံ ချစ်စိတ်နဲ့မျိုးချစ်စိတ်နဲ့        ဆောင်ရွက်တယ်ဆိုတာကိုရှင်းလင်းတင်ပြဖို့ဖြစ်ပါတယ်”ဟုပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ဦးစွာပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့် မီဒီယာများအနက်မှ ကမာရွတ်မီဒီယာမှ သတင်းထောက်က ယနေ့ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အဓိကပြည်သူကို မည်သည့်အကြောင်း အရာများ အသိပေးပြောကြားလိုသည်ကို မေး မြန်းခဲ့သည်။

‘ဒီနေ့ကြေညာချက်ကတော့ ခါတိုင်းလို ကြေညာချက်မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ အုပ်ချုပ်ရေးရဲ့အကြီးအကဲဖြစ်တဲ့သမ္မတ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းဖို့ အဓိက တာဝန်ပေးထားတဲ့ ကာကွယ်ရေး ဦးစီး ချုပ်၊အဲ့ဒီအပြင်နိုင်ငံတကာက သတင်းအမှားတွေကို အမှန်သိဖို့အတွက် မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးတွေကို ဒီကနေ့ ထုတ်ပြန်တဲ့ကြေ ညာချက်ကိုပေးပို့မယ်ဆိုတာကတော့ ကျွန်တော် တို့ ၂၉ ပါတီတွေ့ဆုံဆွေးနွေးမှုရဲ့ အဆုံးအဖြတ်ပါပဲ’ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်တွင်းပြည်ပသတင်းမီဒီယာတို့က မေး မြန်းကြသည် များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးလှထွန်း၊ ဦးနန္ဒာလှမြင့်၊ အမျိုး သားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဋ္ဌဦးသိန်း ညွန့်၊ ဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးမျိုးညွန့်၊ စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ် အေးချမ်းရေးပါတီဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း၊ ၈၈ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီဒုဥက္ကဋ္ဌ ဦးသန်းဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်နှင့် အမျိုးသား နိုင်ငံ ရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင် တို့က ပြန် လည်ရှင်းလင်းဖြေကြားခဲ့သည်။

နေထက်ဝေ