ဘင်္ဂါလီပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဗြိတိန်နှင့် ဆွီဒင်တောင်းဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းရန် ဗြိတိန်နှင့် ဆွီဒင်တို့က တိုက်တွန်းတောင်းဆို ထားသည်။ ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ဘင်္ဂါလီမျိုးနွယ်စုများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်း ရှောင်နေခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် တံခါးပိတ်ဆွေးနွေးရန် ဥရောပနိုင်ငံများက တိုက်တွန်းထား ခြင်းဖြစ်သည်။ ယင်းဆွေးနွေးမှုသည် စက်တင် ဘာ ၁၃ ရက်တွင် ဖြစ်မြောက်လာ ဖွယ်ရှိသည်။

ဘင်္ဂါလီ အနွယ်ဝင်အကြမ်းဖက် စစ်သွေးကြွအုပ်စုတစ်ခုက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းကြောင့် ပဋိပက္ခများ တစ်ကျော့ပြန်စတင်လာ ခြင်းဖြစ်သော်လည်း မြန်မာအာဏာပိုင်များက ဘင်္ဂါလီများ ကိုရှင်းလင်းဖယ်ရှားနေကြောင်း နိုင်ငံတကာတွင်စွပ်စွဲမှုများ ပေါ်ထွက်နေသည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိတ်ဒ်ရာအတ်ဒ် အယ်လ်ဟူစိန်က မြန်မာနိုင်ငံတွင် မျိုးနွယ်စုရှင်းလင်းမှုများကို စနစ်တကျ လုပ်ဆောင်နေကြောင်း စက်တင်ဘာ ၁၁ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။

ဗြိတိန်နှင့် ဆွီဒင်တို့က လက်ရှိ ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်ကြောင့်ကြမှု မြင့်တက်လာသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တံခါးပိတ် ဆွေးနွေးသင့်သည်ဟု အကြံပြုခဲ့ခြင်းဖြစ်သည်။ မြန်မာအစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသည့် တရုတ်ကမူ ရခိုင်ပြဿနာကို ကုလသမဂ္ဂတွင် ထည့်သွင်းဆွေးနွေးမှု မပြုသင့်ကြောင်း ကာကွယ်ရပ်တည်နေဆဲဟု သိရသည်။ ဗြိတိန်၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ် မက်သရူးရေးခရော့ဖ်က ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအနွယ်ဝင်များ တိမ်းရှောင်ထွက်ပြေး နေသည့် အခြေအနေအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များက စိုးရိမ်မှု သိသိသာသာ မြင့်တက်လာကြောင်း ပြောကြားခဲ့ သည်။

မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏စွပ်စွဲချက်နှင့် ပတ်သက်၍ တိုက်ရိုက်ရည်ညွှန်းမှု မရှိသော်လည်းအရပ်သားများ နေရပ် ပြောင်းရွှေ့ တိမ်းရှောင်ခဲ့ရမှုများအပေါ် နိုင်ငံတကာနည်းတူ မြန်မာအစိုးရသည်လည်း စိုးရိမ်ပူပန်မှု အပြည့်အဝရှိနေကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ပံ့ပိုးပေးခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဩဂုတ် ၃၀ ရက်ကလည်း တံခါးပိတ် ဆွေးနွေးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုရလဒ်များကို အသေးစိတ် မထုတ်ပြန်ခဲ့ချေ။ စက်တင်ဘာ လဆန်းတွင်မူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတီရက်စ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများက ဆိုးရွားသည့် နောက်ဆက်တွဲ အကျပ်အတည်းများထံ ဦးတည် သွားမည်ကို စိုးရိမ်ကြောင်း ကြေညာခဲ့သည်။

—Ref: AFP  (7day daily )