iPhone 8 တွင် 2GB RAM ပါဝင်ပြီး iPhone 8 Plus နှင့် iPhone X တွင် 3GB RAM ပါဝင်မည်ဟုဆို

Apple က စက်တင်ဘာ ၁၂ ရက်မှာမိတ်ဆက်မယ့် မျိုးဆက်သစ် iPhone တွေနဲ့ပတ်သက်တဲ့ အချက်အလက် တွေဟာ ပေါက်ကြား ထွက်ပေါ်လာပါတယ်။ iPhone သစ်တွေရဲ့ RAM နဲ့ ကင်မရာအချက်အလက်တွေကို developer တစ်ယောက်ဖြစ်တဲ့ စတိဗ်ထရောက်တန်စမစ်ဆိုသူက ဝေမျှခဲ့တာဖြစ်ပါတယ်။ iPhone 8 မှာ RAM 2GB ပါဝင်ပြီး iPhone 8 Plus နဲ့ iPhone X မှာ RAM 3GB ပါဝင်လာမယ်လို့ စမစ်က ပြောခဲ့ပါတယ်။ iPhone 7 Plus မှာ RAM 3GB နဲ့ iPhone 7 မှာ RAM 2GB ပါဝင်လာတဲ့အတွက် နှိုင်းယှဉ်ချက်အရ RAM ပိုင်း အလွန်ကွာခြားဖွယ် မရှိပါဘူး။

ကင်မရာပိုင်းမှာဆိုရင်လည်း iPhone X မှာ 240 FPS 1080p ဗီဒီယိုနဲ့ 60 FPS 4K ဗီဒီယိုထောက်ပံ့မှုပါဝင်တဲ့ 12MP ကျောဘက်ကင်မရာ ပါဝင်လာမယ်လို့ စမစ်က ပြောခဲ့ပါတယ်။ iPhone X ရဲ့ ရှေ့ကင်မရာကတော့ 7MP ဖြစ်ပြီး 30 FPS 1080p ဗီဒီယို ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ iOS 11 GM code အရ iPhone X ရဲ့ hardware ပိုင်းမှာ Apple ရဲ့ A11 ပရိုဆက်ဆာသစ် သုံးထားတယ်လို့ သိရပါတယ်။ အဲဒီ ပရိုဆက်ဆာအသစ်မှာ 6 core ပါဝင်လာဖွယ်ရှိပြီး core နှစ်ခုက ထုတ်ကုန်ကို စွမ်းဆောင်ရည်မြင့်အောင် ထောက်ပံ့ပေးကာ ကျန်တဲ့ core လေးခုကတော့ စွမ်းအင် သက်သာအောင် ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ Apple အနေနဲ့ iPhone 8, iPhone 8 Plus နဲ့ iPhone X ကို အင်္ဂါနေ့ကျရင် Steve Jobs ကဇာတ်ရုံမှာ တရားဝင်မိတ်ဆက် သွားမှာဖြစ်ပါတယ်။