ဖာပွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးပွဲကျင်းပ

 

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီဝင် မိသားစုများ၏ သားသမီးများ ဂုဏ်ပြုချီးမြှင့်ပွဲကို ကမမောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးနိုင်သန်းနိုင်နှင့် ဒေါ်နန်းနီနီအေးတို့က အမှာစကားပြောကြားပြီး လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ နှင့်      မြို့နယ်ပါတီဥက္ကဋ္ဌ တို့က ထူးချွန်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထူးချွန်ဆုများအပြင် ၂ဝ၁၅ ရွေးကောက်ပွဲ စည်းရုံးရေးကာလ လှုံ့ဆော်တေးရေးဖွဲ့ပေးသော တေးရေးဆရာ ဦးစောစံအေးအား ဂါရဝ လက်ဆောင်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်က ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြ အောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သန်းနိုင်နှင့် ဒေါ်နန်းနီနီအေး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်းထိန်နှင့် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံနှင့်ကော်မတီဝင်များ၊ ပါတီဝင်မိသားစုများ ၅ဝ တက်ရောက်ခဲ့သည်။

SL