ပါကစ္စတန်မှ အကြမ်းဖက်သမားဟု သံသယရှိသူ၏ ဓာတ်ပုံကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဖြန့်ဝေထား

မြန်မာနိုင်ငံတွင် အကြမ်းဖက်ဖောက်ခွဲရန် ပါကစ္စတန်နိုင်ငံ သားတစ်ဦး လာရောက်မည်ဟူသော သတင်းရ၍ စိစစ်နိုင်ရန်ဆိုကာ အကြမ်းဖက်သမားဟု သံသယရှိသူ၏ ဓာတ်ပုံကိုတိုင်းဒေသကြီးနှင့် ပြည်နယ်ရဲစခန်းများသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဖြန့်ဝေသတိပေးထားသည်။

အမည်စိစစ်ဆဲပါကစ္စတန် နိုင်ငံသားတစ်ဦးသည် စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အတွင်း ရန်ကုန်လေဆိပ်သို့ ပြည်ပမှ ဝင်ရောက်လာနိုင်ကာ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် ဖောက်ခွဲရေးလုပ်ငန်းများ လုပ် ဆောင်နိုင်ကြောင်း သတင်းရထား၍ လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ များက ပြောသည်။

ထို့အပြင် အငြိမ်းစားတပ် ကြပ်ကြီးဖြစ်သည့် ယင်းပါကစ္စတန်နိုင်ငံသားသည် ပြည်ပမှ ဝင်ရောက်လာမည် ဖြစ်ပြီး ၎င်း၏အမာခံများကို စုစည်းခိုင်းထားကာ ဖောက်ခွဲရေးလုပ်ငန်းများ ပြု လုပ်မည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးရုံးက နိုင်ငံတော်သမ္မတရုံး သို့ သတင်းတင်ပြသည့်စာ ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည်။

‘‘သူဝင်လာမယ်ဆိုတာကိုပဲ သတင်းရထားတာ။ ဝင်လာပြီး လား၊ ဝင်မလာသေးဘူးလားဆို တာ မသိသေးဘူး။ နေပြည်တော် က ထောက်လှမ်းရေးတပ်ဖွဲ့က သတင်းရတာ။ ရန်ကုန်က လေး ခရိုင်စလုံးကို ဓာတ်ပုံတွေ ဖြန့် ထားတယ်။ ပိုက်စိပ်တိုက် ရှာနေ တယ်’’ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးသက်နိုင်က ရခိုင်ဒေသအကြမ်းဖက် တိုက်ခိုက်ခံရသည့် နောက်ပိုင်း မြို့ကြီး အချို့တွင်လည်း အကြမ်းဖက်ဖောက်ခွဲနိုင်သည်ဟူသော သတင်းများကို အစိုးရနှင့် တပ်မတော်ကထုတ်ပြန်ထားပြီး ရဲတပ်ဖွဲ့အနေဖြင့်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးသို့ အသိပေးထား ကြောင်းပြောသည်။  စက်တင်ဘာ ၅ ရက်က အစိုးရ၏ သတင်းထုတ်ပြန်မှုတွင် အ ကြမ်းဖက် တိုက်ခိုက်နိုင် ခြေရှိသည့် သတိပေးမှုများကို အမြတ်ထုတ်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖန်တီးလာနိုင်သည်ကို သတိထားရန်နှင့် အစိုးရကို လူထုက ပူးပေါင်းကူညီရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စက်တင်ဘာ ၁၁ ရက်တွင်  သတိထားရန်   ဖေ့စ်ဘွတ်ခ်မက်ဆေ့ခ်ျမှတစ်ဆင့်   သွေးထိုးလှုံ့ဆော်မှုများ ရှိနေသည်။