ဩစတြေးလျတွင် လိုင်စင်မဲ့ သေနတ်များ အပ်နှံမှု အလက်ပေါင်း ၂၆၀၀၀ မျှရှိ

ဩစတြေးလျတွင် လိုင်စင်မဲ့ သေနတ်များ အပ်နှံခွင့် ပေးခဲ့သည့် ကာလအတွင်း လာရောက် အပ်နှံသည့် သေနတ် အလက်ပေါင်း ၂၆၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁ ရက်က စတင်သည့် လက်နက် အပ်နှံခွင့် လွတ်ငြိမ်းခွင့် ကာလတွင် တရားမဝင် ဝယ်ယူ ကိုင်ဆောင်နေသော သေနတ်များကို ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ အပ်နှံနိုင်ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် စက်တင်ဘာ ၃၀ ထိ သက်တမ်းရှိပြီး ယင်းနောက်ပိုင်းတွင်မူ လိုင်စင်မဲ့ သေနတ်များကို သိမ်းဆည်းရမိပါက ဒဏ်ငွေ ဩစတြေးလျဒေါ်လာ ၂၈၀၀၀၀ ထိ ဖြစ်စေ၊ ၁၄ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ်က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကဖေးဆိုင် တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လိုင်စင်မဲ့ သေနတ်များ ကိုင်ဆောင်နေမှုအပေါ် ဝေဖန် မေးခွန်းထုတ်မှုများ ပိုမို ကျယ်ပြန့်လာသည်။ ယခုလို လက်နက်အပ်နှံခွင့် လွတ်ငြိမ်းအစီအစဉ် သတ်မှတ်ပေးခဲ့ခြင်းက အမှန်တကယ် အကျိုးရှိစေခဲ့ကြောင်း တရားရေးဝန်ကြီး မိုက်ကယ် ကီနန်က သုံးသပ်ခဲ့သည်။

ဩစတြေးလျတွင် ၁၉၉၆ နှင့် ၁၉၉၇ ခုနှစ်များ အတွင်းကလည်း အလားတူ လိုင်စင်မဲ့ လက်နက်များ အပ်နှံရန် ညွှန်ကြားချက် ထုတ်ပြန်ဖူးပြီး စုစုပေါင်း သေနတ် ၆၄၃၇၂၆ လက် အပ်နှံရရှိဖူးသည်။ ထိုစဉ်က တက်စ်မေးနီးယား ကျွန်းပေါ်ရှိ ပို့တ်အာသာမြို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူ ၃၅ ဦး သေဆုံးခဲ့သည့်နောက် လိုင်စင်မဲ့ သေနတ်များ အပ်နှံရန် အစိုးရက အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် နောက်ပိုင်းတွင် ဩစတြေးလျ၌ ဆီမီးအော်တိုမက်တစ်နှင့် အော်တိုမက်တစ် စက်သေနတ်များ တရားဝင် ရောင်းချခွင့်ကိုပါ ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

Ref: ABC