ရခိုင်အရေးကုလလုံခြုံရေးကောင်စီသို့ မရောက်ရှိစေရန် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းနေ

ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် လုံခြုံရေးကောင်စီသို့ မရောက်ရှိရေး မိတ်ဆွေ နိုင်ငံများနှင့် ညှိနှိုင်းဆွေး နွေးစည်းရုံးနေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်ဦးသောင်းထွန်းက ပြော သည်။

အကယ်၍ လုံခြုံရေးကောင်စီသို့ ရောက်ရှိပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကြေညာချက် တစ်ခုထုတ်ပြန် မည်ဆိုပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။ သို့သော် လုံခြုံရေးကောင်စီတွင် ကုလအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ၌ တရုတ်နှင့်ရုရှားတို့ပါဝင်နေပြီး ယင်းနှစ်နိုင်ငံသဘောမတူပါက ဆက်လက်ဆောင်ရွက်၍ မရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

‘‘ကျွန်တော်တို့က တရုတ်နဲ့က ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံဖြစ်တယ်။ ရုရှားနိုင်ငံက ရင်းနှီးမှုရှိတဲ့အတွက် (ကောင်စီ က) ရှေ့တိုးဖို့ ဆိုတာကမဖြစ်နိုင်ပါဘူး’’ ဟု ဦးသောင်းထွန်းက ပြောသည်။ ကုလအမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံတွင် တရုတ်၊ ပြင်သစ်၊ ရုရှား၊ အမေရိကန်နှင့် ဗြိတိန်တို့ ပါဝင်သည်။ ဩဂုတ် ၃၀ ရက်က ကုလလုံခြုံရေးကောင်စီတွင် ရခိုင်အရေးအစည်းအဝေး ခေါ်ယူရန် ဗြိတိန်နိုင်ငံ၏ ကြိုးပမ်းမှုကို တ​ရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားနေစဉ် အိန္ဒိယ၀န်ကြီးချုပ်နာရန်ဒရာမိုဒီနှင့်တရုတ် အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းတို့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရခိုင်အရေးနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးထားသည်။ မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီးရောက်ရှိ နေသည့် အိန္ဒိယ ၀န်ကြီးချုပ်နာရန်ဒရာမိုဒီ၏ရခိုင် ပြည်နယ်အကြမ်းဖက်ခံရမှုအပေါ် သဘောထားကို ဦးသောင်းထွန်းအားမေးမြန်းရာ ‘‘အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပါ တယ်။ သူတို့နိုင်ငံမှာလည်း ဒါမျိုး အကြမ်းဖက်မှုဆို လုံးဝလက်မခံ ဘူး။ မြန်မာနိုင်ငံမှာ အကြမ်းဖက် မှုကိုလည်း လုံးဝလက်မခံပါဘူး။ ကြေညာချက်လည်း ထုတ်ပြန် ထားပါတယ်’’ ဟု ပြန်လည်ပြော ကြားကြောင်းဆိုသည်။

အကြမ်းဖက်မှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံနှင့်သာမကဘဲတရုတ်၊ ထိုင်းစသည့် အိမ်နီးချင်းနိုင်ငံများနှင့် အမြဲထိတွေ့ကာ အစည်းအဝေးများပြုလုပ်ခြင်း၊ အမြင်ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်နေ ကြောင်း ဦးသောင်းထွန်းက ဆက်လက်ပြောကြားသည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် စက်တင် ဘာ ၁၂ ရက်၌ စတင်ကျင်းပမည့် (၇၂)ကြိမ်မြောက်ကုလသမဂ္ဂညီ လာခံသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။

စက်တင်ဘာ ၆ ရက်နေ့ လယ်က နိုင်ငံတော်အတိုင်ပင်ခံ ရုံးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့က ရှင်းလင်းခဲ့သည်။

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှု ဖြစ်စဉ်ကို ရှုတ်ချရန် အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျနိုင်ငံ များအပါအ၀င် မြန်မာနိုင်ငံဘက်တွင် ရပ်တည်မည့်နိုင်ငံ အများအပြားရှိကြောင်း ဦးသောင်းထွန်းက ပြောသည်။ ‘‘နိုင်ငံ တော်တော်များများက ဒီလိုအကြမ်းဖက်မှုမျိုးဖြစ်စဉ်ကိုရှုတ်ချတာရှိပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဩ စတြေးလျ အဲဒီလိုနိုင်ငံအများကြီးကနေ ကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုကိုရှုတ်ချ မယ်ဆိုပြီး တော့ ကမ်းလှမ်းထား တာတော့ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရဲစခန်း ၃၀ ကျော်ကို အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက် ခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေများအရ ပြန်လည်တိုက်ခိုက်နိုင်သော်လည်း ထိန်းထိန်းသိမ်းသိမ်းပြုလုပ်နေကြောင်းဦးသောင်းထွန်း က ပြောသည်။ ‘‘တိုက်တဲ့အခါ ဗုံးဝေါကြီး လက်နက်တွေကိုင်ပြီးသွားပြီး တိုက်နေတာမဟုတ်ဘူး။ စနစ်တ ကျလုပ် နေတယ်။ စည်းနဲ့ကမ်းနဲ့လုပ်နေတယ်။ သူတို့ကအလွန် ကျူးအင်အားသုံးပြီးလုပ်နေတယ်လို့ ပြောနေတာ မဟုတ်ပါဘူး’’ ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်သို့ လာရောက်ကူညီလိုသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြား သင်္ဘောများဝင်ရောက် မည်ဆိုပါက လာရောက်မည့်အကြောင်းအရင်း အတိအကျဖြင့် မြန်မာအစိုးရထံ တရားဝင်အကြောင်းကြားရန် လိုကြောင်း ဦးသောင်းထွန်းက ပြောသည်။

‘‘ကူညီပေးချင်ရင် စည်းစနစ်အရလုပ်ဖို့ မြန်မာအစိုးရကနေ ဦးဆောင်ပြီးလုပ်ပါမယ်။ ခင်ဗျားတို့ဘယ်အပိုင်းက ပါပေးပါ၊ အဲဒါကို ညှိနှိုင်းနေပါတယ်’’ ဟု ၎င်းကပြောသည်။