ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် ရဲမှူးကြီးအချို့ကို အပြောင်းအရွှေ့ပြုလုပ်

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် တိုင်းနှင့်ပြည်နယ်အချို့မှ ရဲမှူးကြီးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က အပြောင်းအရွှေ့ပြုလုပ်ခဲ့သည်။ မောင်တောဒေသအကြမ်း ဖက်တိုက်ခိုက်ခံ နေရ၍ လုံခြုံရေးအတွက် စိန်ခေါ်မှုရှိနေသော ရခိုင်ပြည်နယ်၏ ရဲတပ်ဖွဲ့မှူးအဖြစ် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီးအောင်မြတ်မိုးကို တာဝန်ပေးခဲ့ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးစိန်လွင်ကို ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

လစ်လပ်သွားသော ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး(လားရှိုး)နေရာ သို့ အမှတ်(၁)လုံခြုံရေး ရဲကွပ်ကဲ မှုအဖွဲ့ခွဲမှ ရဲမှူးကြီးဝင်းခိုင်က အစားထိုးတာဝန်ယူပြီး ကချင် ပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦးကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ပေးခဲ့သည်။ မကွေးတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးအဖြစ် မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးခင်မောင်အေးကို တာဝန်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှသိရသည်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကိုကိုအောင်အား ရဲ အကြပ်အတတ်သင်ကျောင်းသို့ ရွှေ့ပြောင်းခဲ့သည်။ အထက်ပါ ရဲမှူးကြီးခြောက်ဦးအပါအ၀င် ရဲမှူးကြီးရှစ်ဦးထက်မနည်း နေ ရာအပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။