သြဂုတ်လကုန်အထိ တယ်လီဖုန်းဆိုင်ရာ ဝန်ဆောင်မှုလိုင်စင် ၁၅၆ ခုထုတ်ပေးပြီးဖြစ်

သြဂုတ်လ ၂၈ ရက်အထိ တယ်လီဖုန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့တဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၅၆ ခုရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ့အရေအတွက်ကို သြဂုတ်လ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ တယ်လီဖုန်း ကိရိယာနဲ့ ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နဲ့ စမ်းသပ်ပြသခွင့် လိုင်စင်လာရောက် လျှောက်ထားသူတွေကို စိစစ်ဆောင်ရွက်ပြီး လိုင်စင်ထုတ်ပေးခဲ့တဲ့ ကုမ္ပဏီတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်လျှောက်ထားလာတဲ့ ကုမ္ပဏီတွေကိုစိစစ်ပြီး လိုင်စင်တွေထုတ်ပေးနိုင်ဖို့ ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိချထားပေးတဲ့ လိုင်စင်တွေနဲ့ မိုဘိုင်းဖုန်း ကိရိယာနှင့် ဆက်စပ်ပစ္စည်းများ၊ လိုင်းဖုန်း PABX GDM, CDMA, WCDMA ဖုန်း စတဲ့ ပစ္စည်းတွေကို ရောင်းချဝန်ဆောင်မှု ပေးလျက်ရှိတယ်လို့ တွေ့ရ ပါတယ်။

အဲဒီအပြင် Server Cabinet, Work Station & Peripherals, Radio receiver, Radio transmitter အစရှိတဲ့ ပစ္စည်းရောင်းချခြင်း ဝန်ဆောင်မှုတွေကိုလည်း တွေ့ရပါတယ်။ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေ ဟာ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ ကုမ္ပဏီများအများစုဖြစ်ကြောင်း တွေ့ရပါတယ်။