မြောက်ကိုရီးယား ပြဿနာကို အကြမ်းနည်းဖြင့် ကိုင်တွယ်၍ မရဟု ပူတင်ဝေဖန်

လက်ရှိ မြောက်ကိုရီးယား နျူကလီးယား ပြဿနာကို အကြမ်းနည်းဖြင့် ကိုင်တွယ်ပါက တစ်ကမ္ဘာလုံး အတိုင်းအတာထိ ဆက်စပ် ကျယ်ပြန့်သည့် ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဝေဖန် သတိပေးခဲ့သည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က မြောက်ကိုရီးယား ကိစ္စနှင့် ပတ်သက်၍ ပူတင်က မှတ်ချက်ပေးခဲ့ရာ၌ အမေရိကန်နှင့် မြောက်ကိုရီးယားတို့ စစ်တိုက်မယောင် အပြန်အလှန် ကြိမ်းဝါးနေခြင်းသည် အဖြေမဟုတ်ဘဲ သံတမန်ရေးရာ နည်းလမ်းဖြင့်သာ ထိုပြဿနာကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ပြောကြား သွားသည်။

ထို့အပြင် ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း အနေဖြင့်လည်း တစ်ချိန်က ဆက်ဒမ်ဟူစိန် ကြုံဖူးသည့် ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်။ “တစ်ချိန်က အီရတ်မှာ ဆက်ဒမ်ဟူစိန်ဟာ
အစုလိုက် အပြုံလိုက် သေစေတဲ့ လက်နက်တွေ ထုတ်လုပ်နေကြောင်း စွပ်စွဲခံရတယ်။ သူငြင်းခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူပဲ ပျက်စီးကိန်း ကြုံသွားတယ်။ ပြီးတော့ သူ့မိသားစုဝင်တွေ အသတ်ခံရတယ်လေ”ဟု
ပူတင်က ဆိုသည်။

၎င်းက “အီရတ်ဟာ ဖွတ်ဖွတ်ညက်ညက် ကျေသွားတယ်။ ဆက်ဒမ်ဟူစိန်က ကြိုးပေးခံရတယ်။ ဒီကိစ္စတွေကို လူတိုင်း သိပြီးသား။ မြောက်ကိုရီးယားလည်း သိမှာပါ”ဟု ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန် အနေဖြင့်
မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများ တိုးမြှင့်နေခြင်းဖြင့် မည်သည့် တိုးတက်မှု ရလဒ်ကိုမျှ ပိုင်ဆိုင်မည် မဟုတ်ဟု ပူတင်က ဝေဖန်ခဲ့သည်။

“ရန်သွားစသလို ဖြစ်နေမှာ။ အခုလက်ရှိ အနေအထားအရ ဘယ်လို အရေးယူမှုဖြစ်ဖြစ်၊ ဘယ်လို ပိတ်ဆို့မှုဖြစ်ဖြစ် အသုံးမဝင်တော့ဘူး။ မြောက်ကိုရီးယားဟာ သူတို့တွေ လုံခြုံမှု မရှိနိုင်ဘူးလို့ ထင်နေသ၍ မြက်စားချင် စားရပါစေ။ အငတ်ခံပြီး လက်နက် စီမံကိန်းကို ရှေ့ဆက် လုပ်နေမှာပဲ။ ဒါဆို သူတို့ရဲ့ လုံခြုံရေးအတွက် စိတ်ချလက်ချ ဖြစ်စေဖို့ ဘာလုပ်မှာလဲ။ နိုင်ငံတကာ ဥပဒေတွေ ပြန်လည် စိုးမိုး ကျင့်သုံးနိုင်အောင် ကြိုးစားရမယ်။ ပြီးတော့ ဆက်စပ်ပါဝင်နေတဲ့ ဘက်ပေါင်းစုံက ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်သင့်တယ်”ဟု ပူတင်က မှတ်ချက်ပေးခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ၎င်းတို့၏ ဆဋ္ဌမမြောက်နှင့် အင်အားအပြင်းဆုံး ဟိုက်ဒရိုဂျင်ဗုံး တစ်လုံးကို စမ်းသပ် ဖောက်ခွဲခဲ့သည်။ မြောက်ကိုရီးယားက နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်များ ပစ်ခတ်နိုင်စွမ်း ရှိနေပြီဟု ကြွေးကြော်ထားပြီး နိုင်ငံတကာ လက်နက်ရေးရာ ပါရဂူများက ယင်းအဆိုနှင့် ပတ်သက်၍ တိကျစွာ ထောက်လှမ်းဖော်ထုတ်နိုင်ရန် အလွန်ခက်ခဲနေဆဲဟု ဝန်ခံထားကြသည်။

Ref: CNN