မောင်တောဒေသတည်ငြိမ်သည်အထိ စစ်ဆင်ရေးနယ်မြေသတ်မှတ်ဆောင်ရွက်မည်

မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များတည်ငြိမ်မှုမရှိမချင်း စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းခြင်း လုပ်ဆောင်မည်ဟု အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရ စန်းလွင်က ပြောသည်။  မောင်တောဒေသတွင် ရဲကင်းနှင့် ရဲစခန်း စုစုပေါင်း ၃၀ တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခံရသည့် သြဂုတ် ၂၅ ရက်က စ၍ စစ်ဆင်ရေးနယ်မြေအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

‘‘အကြမ်းဖက်ရှိရင်တို့က နယ်မြေရှင်းလင်းတိုက်ထုတ်မှာပေါ့။ ရှိရင်ရှိသလောက် ငါတို့ကရှင်းလင်းမှာပဲ။ အချိန်ကာလတော့ ဘယ်ကန့်သတ်မှာလဲ။ အကြမ်းဖက်သမားတွေကို လက်မခံရင် တော့ မြန်မြန်အေးချမ်းသွားမှာပဲ။ နယ်မြေတည်ငြိမ်သွားမှာပေါ့။ ရွာတွေက လက်ခံထားရင်တော့ ကြာရင် ကြာသွားနိုင်တာပေါ့။ ငါတို့ကတော့ နယ်မြေတည် ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်ရတဲ့အတွက် မြန်မြန်ဒေသ တည်ငြိမ်အေးချမ်းတာကို ဖြစ်စေချင်တာပေါ့’’ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

မောင်တောဒေသတွင် စစ် ဆင်ရေးနယ်မြေသတ်မှတ်ရန် တပ်မတော်က တင်ပြလာသည့်အပေါ် သမ္မတရုံးက ခွင့်ပြုခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောကြားသည်။  ‘‘တစ်ခုပြောချင်တာက ဒါဟာ မာရှယ်လောမဟုတ်ဘူး။ စစ်အုပ်ချုပ်ရေးကြေညာတာမဟုတ်ဘူး။ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပေးဖို့ တင်ပြတယ်။ တင်ပြတဲ့ အပေါ်မှာ သမ္မတရုံးက ခွင့်ပြုပေးတယ်’’ဟု​​ ၎င်းက ရှင်းပြ သည်။

၂၀၁၆ အောက်တိုဘာ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားချိန်ကလည်း မောင်တောဒေသကို စစ်ဆင်ရေး နယ်မြေ သတ်မှတ်၍ဆောင်ရွက်ခဲ့ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ရပ်ဆိုင်းခဲ့သည်။  မောင်တောဒေသအကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ၁၁ ရက်မြောက် (စက်တင်ဘာ ၄ ရက်)တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် အကြမ်းဖက်သမား များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနှင့် စက်တင်ဘာ ၃ ရက်ညကလည်း မီးတိုက်စခန်းတွင် အကြမ်းဖက်သမား ၂၀ ခန့်က လာရောက်တိုက်ခိုက်၍ ပြန်လည်ပစ်ခတ်ရာ တစ်ဦးအသေ ဖမ်းမိပြီး တူမီး သေနတ်တစ်လက် သိမ်းဆည်းရမိသည်ဟု ရဲမှူးချုပ် သူရစန်းလွင်က ဆိုသည်။

‘‘ဒူချီးယားတန်းရွာကနေ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်တယ်ဆိုလို့ ညနေတုန်းကတော့ တပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေ ပိတ်ဆို့ပြီးတော့ အဲဒီမှာတိုက်ပွဲဖြစ်နေတယ်လို့တော့ သတင်းကြားတယ်’’ဟု သူရစန်းလွင်က စက်တင်ဘာ ၄ ရက် အခြေအနေကို ရှင်းပြသည်။  မောင်တောဒေသတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် သမားများအကြား ထိတွေ့မှုအချို့ ဖြစ်ပွားနေဆဲဖြစ်သော်လည်း အကြမ်းဖက်မှုဖြစ်စဉ်များ ယခင်ကထက် လျော့နည်းလာပြီဟု ၎င်း က ပြောသည်။

ဘင်္ဂါလီကျေးရွာများကလည်း နယ်မြေတည်ငြိမ်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဟု ဆက်သွယ် လာကြောင်း၊ ဘင်္ဂါလီရွာသားများကိုယ်တိုင် အကြမ်းဖက်သမားအချို့ကို ဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့များထံ အပ်နှံသည်များလည်းရှိခဲ့သည်။ အစိုးရသတင်းထုတ်ပြန်ရေး ကော်မတီကမောင်တောဒေသ အခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာ ၄ ရက်ညတွင်  သတင်းထုတ်ပြန်ရာ စက်တင်ဘာ ၃ ရက် ညက မောင်တောမြို့နယ် အောက်ပြူးမကျေးရွာနှင့် ငါးခူရကျေးရွာသို့ ဆက်သွယ်ထားသည့် ငါးခူရဈေးထိပ်တံတား၌ လုံခြုံရေးတပ် ဖွဲ့ဝင် များနှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ထုတ်ပြန် သည်။

စက်တင်ဘာ ၄ ရက်တွင်လည်း မောင်တောမြို့နယ်အတွင်းရှိ အုန်းတောအနောက်၊ ဒင်္ဂါး၊ ဆော်ကီးနာမ၊ ဟင်္သာရ၊ ချိန်ခါလီ၊ သင်္ဘောကွေ့ စသည့် ကျေးရွာများမှ နေအိမ်များ အ ကြမ်းဖက်သမားများ၏ မီးရှို့မှု ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် စက်တင်ဘာ ၄ ရက် ညနေတွင် လည်း မောင်တောမြို့ အမှတ်(၅)ရပ်ကွက် MPT တာဝါတိုင်အနီး၌ မသင်္ကာသူတစ်ဦး တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် ရှာဖွေရာ တာဝါတိုင်၏ အရှေ့ဘက် ခြံစည်းရိုး အနီးတွင် လက်လုပ်မိုင်းတစ်လုံး ကို တွေ့ရှိ၍ ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။