အထောက်အထားမဲ့ လူငယ်များအား လွတ်ငြိမ်းခွင့်ပေးထားမှု ထရမ့် အဆုံးသတ်

ဝါရှင်တန်၊ စက်တင်ဘာ ၆ ။             ။ လူလားမမြောက်ခင်အရွယ် အသက်ငယ်ရွယ်စဉ် အမေရိကန်နိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းမှ ရောက်ရှိ လာခဲ့သူများကို လွတ်ငြိမ်းခွင့်ပေးထားသည့် မူဝါဒအား သမ္မတ ဒေါ်နယ်ထရမ့် က စက်တင်ဘာ ၅ ရက်တွင် အဆုံးသတ်လိုက်ပြီဖြစ်သည်။

 ထိုသို့ ငယ်ရွယ်စဉ် အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ လူငယ် ရှစ်သိန်း၏ အနာဂတ်ကို မရေမရာ ဖြစ်စေသည့် ထရမ့်၏ လုပ်ဆောင်ချက်ကြောင့် နိုင်ငံရေးအသိုင်းအဝန်းမှ   ပြင်းထန်သည့် ဝေဖန်ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။

အသက် ၁၆  နှစ်အောက်အရွယ်တွင် အမေရိကန်သို့ ရောက်ရှိလာသည့် လူငယ်လူရွယ်များကို အကာအကွယ် ပေးထားသည့် ယခင် သမ္မတ အိုဘားမား ပြဌာန်းခဲ့သော ပေါ်လစီကို ထရမ့်က ယခုကဲ့သို့ အဆုံးသတ်ပစ်ခြင်းအား စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အသင်းအဖွဲ့များ၊ ဘာသာရေးအုပ်စုများ၊ အတိုက်အခံဒီမို ကရက်တစ်ပါတီနှင့် ထရမ့်၏ အာဏာရ ရီပတ်ဘရီကန်ပါတီဝင်အချို့ပါ ကန့်ကွက်ကြခြင်းဖြစ်သည်။

လက်ရှိတွင် အသက် ၂၀ ကျော်တန်းများဖြစ်နေသည့် စပိန်စကား အများစုပြောကြသော အမေရိကန်သို့ ငယ်ရွယ်စဉ်ကတည်းက တရားမဝင် ရောက်ရှိနေထိုင်နေကြသူများကို အိပ်မက်မက်သူများဟု   ခေါ်ကြသည်။ ယခု ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် ယင်းအိပ်မက်မက်သူများအနေဖြင့် ခြောက်လမှ ၂၄ လကြားသာ လွတ်ငြိမ်းခွင့်ဖြင့် နေထိုင်ခွင့်ရမည်ဖြစ်ပြီး အချိန်အတိုင်းအတာ ကျော်လွန်ပါက တရားမဝင်ခိုးဝင်သူများ ဖြစ်လာမည်ဖြစ်ကာ ပြည်ပသို့ ပြည်နှင်ဒဏ် ခံရဖွယ်ရာ ရှိနေသည်။

“ကျွန်တော် သိတာ ဒီတစ်နိုင်ငံတည်း ရှိတာပါ။”ဟု အသက် ၂၆ နှစ်အရွယ် ကွန်ပြူတာကျောင်းသား၊ ရွှေ့ပြောင်းဝင်ရောက်သူများ အရေး တက်ကြွလှုပ်ရှားသူ အီဗန်စီဂျာက ပြောသည်။ အီဗန်စီဂျာအနေဖြင့် အမေရိကန်နိုင်ငံအတွင်း ကလေးအရွယ်လေးကတည်းက စတင် ရောက်ရှိနေခဲ့သူဖြစ်သည်။

“ကျွန်တော်ရဲ့ အနာဂတ်က ဒီမှာပဲ ရှိတယ်။ ဒါကြောင့် ကျွန်တော်တော့ အလျှော့မပေးဘူး။ တိုက်ပွဲ ဝင်သွားမယ်။”ဟု ၄င်းက ပြောသည်။

လွှတ်တော်အမတ်များ ဆယ်စုနှစ်များစွာ ပျက်ကွက်နေသည့် လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုကို ကွန်ဂရက်အနေဖြင့် သင့်တော်သည့် ဖြေရှင်းမှု ဖော်ဆောင်ရေးကို တိုက်တွန်းကြောင်း ထရမ့်က ပြောသည်။

အိုဘားမား ပြဌာန်းခဲ့သည့် အမေရိကန်သို့ ငယ်ရွယ်စဉ်က ရောက်ရှိသူများအား လွတ်ငြိမ်းခွင့်ပေးသည့် DACA စီမံကိန်းကို ထရမ့်က အဆုံးသတ်လိုက်ခြင်းဖြစ်ရာ လူသစ်လက်ခံခြင်း ရှိတော့မည် မဟုတ်ဘဲ စီမံကိန်းတွင် အကျုံးဝင်နေသေးသော လူငယ် ရှစ်သိန်းအတွက် အလုပ်လုပ်ခွင့်နှင့် စာသင်ခွင့်တို့ ဆုံးရှုံးရတော့ရန် ရှိနေသည်။

-Ref; AFP