လာမည့်ဘဏ္ဍာနှစ်မှစ၍ ရန်ကုန်လိုင်စင်ကို တင်ဒါစနစ်ဖြင့် ခွင့်ပြုမည်

လာမည့်ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ပမှတင်သွင်းမည့် မော်တော်ယာဉ်အသစ်များအတွက် ရန်ကုန်လိုင်စင် ထပ်မံခွင့်ပြုရာတွင် နံပါတ်ပြားကို တင်ဒါစနစ်မျိုးဖြင့် ရောင်းချခွင့်ပြုမည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

စင်ကာပူနိုင်ငံတွင် ကားတင်သွင်းသည့်စနစ်မျိုး ကျင့်သုံးခြင်းဖြစ်ပြီး လာမည့် ၂၀၁၈-၁၉ဘဏ္ဍာနှစ်တွင် စတင် ကျင့်သုံးမည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။  ကားအသစ်များကို ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုရာ တွင် ကားအရေအတွက်ကို ရန် ကုန်တိုင်းအစိုးရက သတ်မှတ် ခွင့်ပြုပေးပြီး တင်သွင်းလိုသူများက တင်ဒါစနစ်ဖြင့် လေလံဝင် ဆွဲရမည်ဟု ဒေါက်တာစိုးထွန်းက ရှင်းပြသည်။

ရန်ကုန်လိုင်စင်ထုတ်ပေး ခြင်းကို လက်ရှိအစိုးရလက်ထက် ၂၀၁၆ ဧပြီ  ၁ ရက်က စတင်ရပ် ဆိုင်းပြီး ၂ နှစ်ခန့် အကြာတွင်မှ အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုရန် စီစဉ်ခြင်းဖြစ်သည်။  ‘‘အရေအတွက်ကို ကန့်သတ်ပြီး ပေးတဲ့ သဘောပဲ’’ဟု ဒေါက်တာစိုးထွန်းက သုံးသပ် သည်။

ရန်ကုန်လိုင်စင်ထုတ်ပေးမှု ကန့်သတ်ချက်ကို ဖြေလျှော့ရန် ရန်ကုန်တိုင်းအစိုးရက နည်းမျိုးစုံ ဖြင့် စဉ်းစားပြီးနောက် ယခုအစီအစဉ်ကို စတင်ခြင်းဖြစ်နိုင်ကြောင်း ကားအရောင်းစင်တာ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်မျိုးအောင်က ပြောသည်။

ရန်ကုန်လိုင်စင်ကို စနစ်ဖြင့် ကားတင်သွင်းခွင့်ပြုပါက ကားဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်သည်ဟုလည်း အထက်ပါပုဂ္ဂိုလ် ကခန့်မှန်းသည်။ သို့သော် ကားဈေးကွက်ကျွမ်းကျင်သူ တစ်ဦးက ရန်ကုန် လိုင်စင်ပိတ်ထားရာမှ ခွင့်ပြုပေးခြင်းဖြစ်၍ ရန်ကုန်လိုင်စင်ဈေးကျလာနိုင်သည်ဟု ခန့်မှန်းသည်။ လက်ရှိ ရန်ကုန်လိုင်စင် ထုတ်ပေးထားသည့် ကားအစီးရေ ငါးသိန်းခန့်ရှိသည်။

၂၀၁၇ မေလအထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် မော်တော်ယာဉ် စာရင်း၌ မြန်မာတစ်နိုင်ငံလုံးတွင် အစီးရေ ရှစ်သိန်းကျော်ရှိပြီး ရောက်ရှိ ယာဉ် မှတ်ပုံတင်နံပါတ်သည် 9N 3000 ကျော်ဖြစ်သည်။