လော့စ်အန်ဂျလိစ်တွင် တောမီးလောင်ကျွမ်းမှု အရေးပေါ် အခြေအနေ ထုတ်ပြန်

အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ် မြို့တွင် တောမီးအခြေအနေ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထား ရကြောင်း သိရသည်။

ယခုအခါ လော့စ်အန်ဂျလိစ်သည် မြို့၏ သမိုင်းကြောင်းတလျှောက် အဆိုးရွားဆုံး တောမီးခြိမ်းခြောက်မှုများနှင့် ကြုံနေရသည်။ ဂလန်ဒေးလ် နှင့် ဘားဘန့်ခ် ဆင်ခြေဖုံး ရပ်ကွက်များတွင်မူ ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပြီး ဖြစ်သည်။

လော့စ်အန်ဂျလိစ်အနီးတွင် ကူးစက် ပျံ့နှံ့နေသည့် တောမီးသည် ဧက ၅၀၀၀ မျှကို ဝါးမြို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းတောမီး သည် လာတူညာ တောင်ကြား၌ စက်တင်ဘာ ၁ ရက်က အစပြုလာခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုများအတွင်း လူနေအိမ်ခြေ အနည်းဆုံး သုံးလုံး ဆုံးရှုံးခဲ့ပြီး ဖြစ်သလို အဓိက ပြည်နယ် အဝေးပြေးလမ်းမတစ်ခု ဖြစ်သည့် အမှတ် ၂၁၀ လမ်းမကြီးကို ပိတ်ထားလိုက်ရသည်။

လော့စ်အန်ဂျလိစ် မြို့တော်ဝန် အဲရစ်ဂါဆက်တီက ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် တောမီးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာချက် ကို ထုတ်ပြန်ခဲ့ပြီး ထို့နောက်တွင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းကလည်း အလားတူ ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်များကြောင့် တောမီးနှိမ်နင်းရေးကဏ္ဍတွင် ပြည်နယ်နှင့် ဗဟိုအစိုးရအဆင့် ရန်ပုံငွေများကို ပိုမို မြန်ဆန် တွင်ကျယ်စွာ အသုံးပြုခွင့် ရလာစေမည် ဖြစ်သည်။

လော့စ်အန်ဂျလိစ်တွင် အပူလှိုင်းဖြတ်၍ နေ့အပူချိန် မြင့်တက်ကာ လေပြင်းများလည်း တိုက်ခတ်နေသောကြောင့် တောမီးကူးစက်မှုများ ပိုမိုမြန်ဆန် ဆိုးရွားလျက်ရှိသည်။

အမေရိကန်နိုင်ငံ အနောက်ပိုင်းရှိ အခြားပြည်နယ် အချို့တွင်လည်း တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Ref: LA Times