ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို ဖမ်းဆီး

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါဟာ စက်တင်ဘာ ၃ ရက်နေ့ အစောပိုင်းက သူ့အိမ်ကို ရဲတွေ ဝင်ရောက်စီးနင်းတာခံရအပြီး အဖမ်းခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်က သူ့ကို အမေရိကန် ကျောထောက်နောက်ခံပေးတဲ့ သစ္စာဖောက်မှုနဲ့ စွပ်စွဲခဲ့တာပါ။

လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဟွန်ဆန်ရဲ့ သြဇာကို ခြိမ်းခြောက်နိုင်မယ့် ဝေဖန်ရေး သမားတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ အလားအလာရှိသူ ဘယ်သူ့ကိုမဆို ဆန့်ကျင်နှိမ်နင်းတဲ့ လှုပ်ရှားမှုတွေ တိုးလာနေပါတယ်။

ခမ်ဆိုခါဟာ ရွေးကောက်ပွဲအတွင်း ဟွန်ဆန်ကို အဓိကစိန်ခေါ်သူ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ခံထားရပါတယ်။

အသက် ၆၄ နှစ်အရွယ် ခမ်ဆိုခါဟာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) ရဲ့ ခေါင်းဆောင်ပါ။

အစိုးရက ပါတီကို ပိတ်သိမ်းမှာ စိုးရိမ်လို့ ဖေဖော်ဝါရီလက ရာထူးက နုတ်ထွက်သွားတဲ့ ခေါင်းဆောင်နေရာမှာ အစားဝင်သူ ဖြစ်ပါတယ်။

(DVB)