မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း NCA အတိုင်းဆက်လက်ရပ်တည်ဆဲဟု UNFC ပြော

တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) မထိုးဘဲ နိုင်ငံရေး ဆွေးနွေးမည်ဆိုသော မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို NCA အတိုင်း ဆောင်ရွက်မည်ဆိုသည့် မူဝါဒ အပြောင်းအလဲမရှိဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။

‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့ မှ ခေါင်းဆောင်များပါသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) နှင့် UNFC ဥက္ကဋ္ဌ နိုင်ဟံသာခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၅ ရက်က UWSA ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။

နိုင်ငံရေးဆွေးနွေးရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားရပ်တည်မှုအပေါ် မူတည်၍ NCA လမ်း ကြောင်းသွားမည် (သို့မဟုတ်) NCA ပြုပြင်မည်ဆိုသည့် ကွဲပြားမှု များ တိုင်းရင်းသားအဖွဲ့များအကြားရှိနေခြင်းကို ဆွေးနွေးခဲ့သည်ဟု ပန်ဆန်းတွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် ဦးထွန်းဇော်က ပြောကြားသည်။  ပန်ဆန်းဆွေးနွေးပွဲမှအပြန် UNFC ၏ ရပ်တည်ချက်ကိုမေးမြန်းရာ ဦးထွန်းဇော်က ‘‘ကျွန်တော်တို့ ပြောနိုင်တာက အရင်မူဝါဒအတိုင်းပဲ ဆက်သွားနေတုန်းပဲ ရှိသေးတယ်’’ ဟု ဆိုသည်။

7day daily