ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရှုတ်ချ

ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ် အပြင်းအထန်ရှုတ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာမဟာမင်းကြီးက ကြေညာချက်ထုတ်ပြန်သည်။ ဇိတ်ဒ်ရာအတ်ဒ် အယ်လ်ဟူစိန်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရခိုင်ပြည် နယ်မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် အဖွဲ့အစည်းများက ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်သည် လက်ခံနိုင်စရာ မရှိသောကိစ္စဟု ပြောကြားသော်လည်း ထိုဖြစ်ရပ်မျိုးကိုရှောင်လွှဲ တားဆီးနိုင်ခဲ့သင့်ကြောင်း ထောက်ပြသည်။

‘‘လုံခြုံရေးတပ်ဖွဲ့ အရာရှိတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ်အပြင်းအထန် ရှုတ်ချပါတယ်။ လူ့အသက်တွေ ဆုံးရှုံးခဲ့ရသလို ပဋိပက္ခတွေကြောင့် လူပေါင်းထောင်သောင်းချီပြီး နေရပ်ကို စွန့်ခွာထွက်ပြေး ကြရပါတယ်။ ကျွန်တော်တို့စိုးရိမ် နေခဲ့တဲ့ အခြေအနေတွေဟာ ကံအကြောင်းမလှစွာနဲ့ဘဲ တကယ် ဖြစ်လာ ခဲ့ပါပြီ’’ဟု ဇိတ်ဒ်က ဆို သည်။

၂၀၁၆ အောက်တိုဘာအတွင်းက ပထမအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် တပ်မတော်က စစ်ဆင်ရေး များ ဆင်နွှဲကာ ထိထိရောက်ရောက် တုံ့ပြန်ခဲ့ သော်လည်း တစ်ဖက်တွင် အကြမ်းဖက် အစွန်းရောက်ဝါဒီများကို လှုံ့ဆော်သကဲ့သို့ ဖြစ်စေကြောင်း ၎င်းကဆိုသည်။ ‘‘အဆုံးမှာတော့ ဝမ်းနည်းနာကျင်စရာတွေ ကြုံလာရပါတယ်။ ဒီကိစ္စတွေက ကြိုမှန်းလို့ ရထားပြီးသားပါ။ ဖြစ်မလာအောင် တားဆီးနိုင်ခဲ့သင့်ပါ တယ်’’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေကို ဗဟိုပြု၍ ပဋိပက္ခများ ပိုမိုဆိုးရွားလာနိုင်သောကြောင့် ဘက်ပေါင်းစုံမှ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြရန် ၎င်းကတိုက်တွန်းခဲ့သည်။ ထိုအတောအတွင်း နိုင်ငံတကာ ထောက်ပံ့ရေးအဖွဲ့များနှင့်အကြမ်းဖက်လှုပ်ရှားမှုများအတွင်း ဆက်စပ်မှုအချို့ရှိနိုင်ကြောင်း မြန်မာအစိုးရကကြေညာချက် ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍လည်း ဇိတ်ဒ်ကဝေဖန်ခဲ့သည်။ ‘‘ဒီလို ထုတ်ပြန်ချက်မျိုးကြောင့် နောက်ထပ် ပဋိပက္ခတွေ ဖြစ်နိုင်ခြေ အလားအလာအပေါ် အကြောက်တရား ပိုတိုးသွားတာပဲရှိလိမ့်မယ်။ ပြီးတော့ နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေအပေါ် အခုလိုစွပ်စွဲခဲ့တဲ့အတွက် အဲဒီအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေ ဘေးအန္တရာယ်ကျ ရောက်နိုင်ခြေကို ကျွန်တော် အလေးအနက် စိုးရိမ်မိပါတယ်။ ပြီးတော့ ဝန်ထမ်းတွေအနေနဲ့လည်း သူတို့ရဲ့ တာဝန်ဝတ္တရားအတိုင်း ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ ဝေငှဖို့ ခက်ခဲသွားပါလိမ့် မယ်’’ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (အိုင်စီဂျီ) ကလည်း အကြမ်းဖက်မှုများကို မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်က နိုင်ငံရေးမဟာဗျူဟာ ခိုင်ခိုင်မာမာမရှိ မီ စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူ လက်တုံ့ပြန်ခဲ့ပါက အေအာရ်အက်စ်အေ အကြမ်းဖက် အုပ်စုကို အကျိုးပြုသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း သတိပေးသည်။

အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ၂၀၁၆ အတွင်းက ဖြစ်ရပ်နည်းတူ တပ်မတော်ဘက်မှ စစ်ရေးအရ အပြင်းအထန် တုံ့ပြန်လာမည့် အခြေအနေကို ကြိုတင်တွက်ဆထားပြီး ဖြစ်နိုင်ကြောင်း၊ သို့မှသာ မြန်မာ့တပ်မတော်က ဘင်္ဂါလီကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးနေသည်ဟု နိုင်ငံတကာသို့ တိုင်တည်နိုင်မည် ဖြစ်ကြောင်း အိုင်စီဂျီက သတိ ပေးထားသည်။

‘‘အေအာရ်အက်စ်အေဟာ ဘင်္ဂါလီတွေကို ကာကွယ်နေတာပါလို့ ကြွေးကြော်ထားပေမယ့် တကယ်တမ်းမှာ စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ မဖြစ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရန်စနေတဲ့ သဘောပါပဲ။ ဒါမှသာ တသီးတခြား ဖြစ်နေတဲ့ ဘင်္ဂါလီ လူ့အဖွဲ့အစည်းဆီက သူတို့ကို ထောက်ခံမှု ပိုရလာမယ်လို့ မျှော်လင့်နေတာကြောင့်ပါ။ ပြီးတော့ တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘင်္ဂါလီတွေကို အနိုင်ကျင့် နှိပ်စက်နေပါတယ်ဆိုတာမျိုး နိုင်ငံတကာက မြင်လာအောင် မီးမောင်းထိုးပြချင်နေတာ ဖြစ်ပါတယ်။ တကယ်လို့ ထိရောက်ခိုင်မာတဲ့ နိုင်ငံရေးမဟာ ဗျူဟာမရှိဘဲ စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့မယ်ဆိုရင် အခြေအနေ တွေက အေအာရ်အက်စ်အေလိုချင်တဲ့ ပုံစံအတိုင်း ဖြစ်သွားပါလိမ့်မယ်’’ဟု အိုင်စီဂျီ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

အိုင်စီဂျီက ပြဿနာများ၏ အရင်းအမြစ်ကို အမြန်ဆုံး မဖြေရှင်းနိုင်ပါက ထိခိုက်သက်ရောက်မှု အလွန်ဆိုးရွား ပြင်းထန်လာ နိုင်ကြောင်းလည်း ထောက်ပြခဲ့ သည်။ မြန်မာအစိုးရသည် ရှုပ်ထွေး နက်နဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များကို တာဝန်ယူ အကောင်အထည်ဖော်နေပြီး နိုင်ငံ့စီးပွားရေးနှင့်ပြည်သူ့ဘဝ မြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားနေရချိန်တွင် ရခိုင်ပြည်နယ်မှ ပြဿနာကြောင့် ဦးစားပေး လုပ်ငန်းစဉ်အားလုံး ဘေးဖယ်ထားရမယ့် အနေအထားမျိုး ကြုံရနိုင်ကြောင်း အဆိုပါကြေညာချက်၌ ထည့်သွင်း သတိပေးထားသည်။

7day daily

—Ref: ICG, OHCHR