ရော်နယ်ဒိုရဲ့ ဝင်ငွေကို ကျော်လွန်တော့မည် မက်ဂရီဂေါ

မေဝဲလ်သာကို ရှုံးနိမ့်ခဲ့တဲ့ တိုက်ခိုက်ရေးသမား မက်ဂရီဂေါဟာ ရော်နယ်ဒိုကို ကျော်လွန်ကာ ဝင်ငွေပိုမိုရရှိတဲ့ အားကစားသမား ဖြစ်လာတော့ မယ်လို့ သိရပါတယ်။

မက်ဂရီဂေါနှင့် ရော်နယ်ဒို

Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းမှာ မက်ဂရီဂေါက ရော်နယ်ဒိုကို ကျော်လွန်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ မက်ဂရီဂေါဟာ အထူးစိန်ခေါ်ပွဲမှာ မေဝဲလ်သာကို ရှုံးနိမ့်သွားခဲ့ပေမယ့် ပွဲအပြီးမှာ စတာလင်ပေါင် ၇၇ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းက ထုတ်ပြန်ထားတဲ့ စာရင်းအရ ရော်နယ်ဒိုဟာ မက်ဂရီဂေါထက် ဝင်ငွေကောင်းပြီး ဒီနှစ်မှာ ဝင်ငွေ ပေါင် ၇၁ သန်း ရှိမယ်လို့ တွက်ချက်ခြင်းခံထားရသူပါ။

ဒါပေမယ့် မေဝဲလ်သာနဲ့ ထိုးသတ်တဲ့ တစ်ပွဲတည်းမှာတင် မက်ဂရီဂေါက ပေါင် ၇၇ သန်းရခဲ့လို့ ရော်နယ်ဒိုကို ကျော်လွန်တော့မှာ ဖြစ်ပါတယ်။ “ မင်းက Forbes မဂ္ဂဇင်းစာရင်းမှာ နံပတ် ၁ ပဲဆို။ ငါက ၃၅ လား ဘယ်လောက်လဲ မသိဘူး။ ဒါပေမယ့် နောက်နှစ်တော့ မင်းကို ငါကျော် တက်တော့မယ် ထင်တာပဲ” လို့ မက်ဂရီဂေါက ပြီးခဲ့တဲ့နှစ် ရော်နယ်ဒိုနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ဖူးပါတယ်။

အဲဒီတုန်းက “ ငါတော့မထင်ပါဘူးကွာ” ဆိုပြီး ရော်နယ်ဒိုက ပြန်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ် ဝင်ငွေ အကောင်းဆုံး အားကစားသမားစာရင်းမှာ ပြိုင်ဘက်မရှိ ရပ်တည်မယ့်သူက မက်ဂရီဂေါနဲ့ ပွဲအပြီးမှာ  အနိုင်ယူသွားပြီဖြစ်တဲ့ မေဝဲလ်သာ ဖြစ်ပါတယ်။ မေဝဲလ်သာဟာ အဲဒီပွဲ တစ်ပွဲတည်းနဲ့ ပေါင်သန်း ၂၀၀ ကျော်လောက် ရရှိခဲ့မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

(Duwun sports)