ဘင်္ဂါလီအကြမ်းဖက်သမားများကို ပူးပေါင်းနှိမ်နင်းရန် မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးတွင် လှုပ်ရှားနေသည့် ဘင်္ဂါလီအကြမ်းဖက် သမားများကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းရန် ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရထံ ကမ်းလှမ်းလိုက်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒါကာမြို့ရှိ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးအောင်မြင့်ထံသို့ တောင်းဆိုကမ်းလှမ်းချက်များကို သြဂုတ် ၂၈ ရက်တွင် ပေးပို့ခဲ့ကြောင်း AFP သတင်း ဌာနက ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးပို့သည့် ကမ်းလှမ်းမှုတွင် နှစ် နိုင်ငံနယ်ခြားစောင့်တပ်များ ပူးပေါင်းကာ နယ်စပ်တစ်လျှောက်ရှိ စစ်သွေးကြွနှင့် အကြမ်းဖက်အုပ်စုများကို ချေမှုန်းတိုက်ခိုက်နိုင်ရန် ထည့်သွင်းဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ အရာရှိက ဘင်္ဂါလီအကြမ်းဖက် သမားများဆိုသော ဝေါဟာရအသုံးအနှုန်းအတွက် စိုးရိမ်ကြောင်း၊ ထိုအသုံးအနှုန်းကို ကန့်ကွက်သည့်အဆိုကို လည်း မြန်မာသံရုံး တာဝန်ခံမှတစ်ဆင့် မြန်မာအစိုးရထံ ပေးပို့ခဲ့ကြောင်း AFP သတင်းဌာနက ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ကမ်းလှမ်းထားမှုနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူထံ သြဂုတ် ၂၉ ရက်က ဆက်သွယ်ရာ မရခဲ့ပေ။ ‘‘ကျွန်တော်တို့ချင်းကတော့ နယ်စပ်မှာကတည်း BGB သူတို့ နယ်ခြားစောင့်တပ်နဲ့ ကျွန်တော်တို့နဲ့က နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှု အမြဲရှိပါတယ်။ ဒီတိုက်ပွဲမဖြစ် ခင်ထိကိုပဲ နှစ်နိုင်ငံပူးပေါင်းပြီးတော့ နယ်စပ်ခြံစည်းရိုးမှာ ကင်းလှည့်တာတွေရှိပါတယ်။ ၂၅ ရက်နေ့ ဖြစ်စဉ် ဖြစ်ပွားတော့ လည်း သူတို့ လှမ်းအကြောင်း ကြားပြီးတော့ သူတို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နတ်မြစ်တစ်လျှောက်ကနေ ဒီဘက်ကိ ၀င်လာခြင်းမပြုဖို့နဲ့။ ဒီဘက်ကလူတွေကိုလည်း ဟိုဘက်ကို မသွားစေရေးထိန်းပေးဖို့ရယ် ပြောဆို ထားပါတယ်’’ဟု အမှတ်(၁) နယ်ခြား စောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

ထို့အပြင် ဒဏ်ရာရရှိသူများ ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ဆေးကုသခံယူသူများရှိပါက ပြန်လည် လွှဲပြောင်းပေးရန် ညှိနှိုင်းမှုများ ပြုလုပ်ထား ကြောင်း ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။ မောင်တောဒေသတွင် သြဂုတ် ၂၇ ရက်မှ ၂၈ ရက်အထိ လက်လုပ်မိုင်း ၄၅ လုံး ပေါက်ကွဲပြီး ကျေးရွာခုနစ်ရွာ၊ ကင်းစခန်းတစ်ခုနှင့် မောင်တောမြို့ပေါ် ရပ်ကွက်နှစ်နေရာတို့ မီးရှို့ဖျက်ဆီးခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သြဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ မောင်တောမြို့ပေါ်အပါအ၀င် မောင်တောဒေသအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမား များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား တစ်ဦး ထပ်မံ ဖမ်းဆီးမိထားသည်။

မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် သြဂုတ် ၂၅ ရက်မှ ၂၈ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့်ဝန်ထမ်းတစ်ဦး၊ အရပ်သား ၁၆ ဦး သေဆုံးပြီးတပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေကြောင်းသတင်း ထုတ်ပြန် ချက်များအရသိရသည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေစိုးမိုးရေးနှင့်အကြမ်းဖက်  နှိမ်နင်းရေးဆောင်ရွက်မှုကြောင့် အကြမ်းဖက်သမား ၈၀ ဦးအသေ ဖမ်းဆီးရမိပြီး သုံးဦးအရှင်ဖမ်းမိ ထားကြောင်း ထုတ်ပြန်ချက်များက ဆိုသည်။ လက်ရှိ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်အတွက် တာဝန်ရှိသော ARSA အကြမ်း ဖက်သမားများကို တားဆီးနှိမ်နင်းရေး အကြမ်းဖက်တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။ ထို့အပြင် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုများ နိုင်ငံဖြတ်ကျော်၍ဖြစ်စေ၊ နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်တားဆီးနိုင်ရန် နယ်စပ်ဒေသ ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရမည်ဟု အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွင် ပါရှိသည်။