ယူအက်စ်အိုးပင်း ပထမအဆင့်မှာ ရှာရာပိုဗာ အနိုင်ရ

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်မှာ မာရီယာ​ ရှာရာပိုဗာက ကမ္ဘာ့အဆင့် ၂ တင်းနစ်မယ် ဆိုင်မွန်နာ ဟာလက်ပ်ကို အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ (သြဂုတ် ၂၉ ရက်) အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအက်စ်အိုပင်း အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်မှာ ရှာရာပိုဗာက ဟာလက်ပ်ကို ၆-၄၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

နယူးယော့ခ်မှာ ကစားခဲ့တဲ့ ရှာရာပိုဗာနဲ့ ဟာလက်ပ် ပွဲစဉ်ကို ပရိသတ် ၂၄,၀၀၀ အထိ ကြည့်ရှုအားပေးခဲ့ ကြပါတယ်။ ရှာရာပိုဗာဟာ ယူအက်စ်အိုးပင်း ဒုတိယအဆင့်မှာ ဟန်ဂေရီတင်းနစ်မယ် ဘာဘော့စ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။ ရှာရာပိုဗာနဲ့ ဟာလက်ပ်တို့ ပွဲစဉ်ဟာ ၂ နာရီနဲ့ ၄၄ မိနစ် ကြာမြင့်ခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ် ရှာရာပိုဗာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် တင်းနစ်ပြိုင်ပွဲများမှ ၁၅ လကြာ ပိတ်ပင် ခံခဲ့ရပြီးနောက် ယူအက်စ်အိုးပင်းဟာ သူမအတွက် ပထမဆုံး ပြန်လည် ယှဉ်ပြိုင်ကစားခွင့်ရတဲ့ ဂရင်းဆလင်း အဆင့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။  ရုရှားတင်းနစ်မယ် ရှာရာပိုဗာဟာ ၂၀၀၆ ခုနှစ်က ယူအက်စ်အိုးပင်း ချန်ပီယံ ဆုကို ရရှိထားခဲ့ပါတယ်။ တားမြစ်ဆေးသုံးမှုကြောင့် တင်းနစ်ကစားခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် ရှာရာပိုဗာဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၄၆ မှာ ရောက်ရှိနေခဲ့ပါတယ်။

ရှာရာပိုဗာက ဂရင်းဆလင်းအဆင့် အောင်မြင်မှုများအဖြစ် ၂၀၀၄ ခုနှစ်မှာ ဝင်ဘယ်ဒန်ချန်ပီယံဆု၊ ၂၀၀၆ ခုနှစ်မှာ ယူအက်စ်အိုးပင်း ချန်ပီယံဆု၊ ၂၀၀၈ ခုနှစ်မှာ သြစတြေးလျအိုးပင်း ချန်ပီယံဆု၊ ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ပြင်သစ်အိုးပင်း ချန်ပီယံဆုများ ရရှိထားပါတယ်။ ယခုနှစ် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပွဲစဉ်တွေကို စက်တင်ဘာ ၁၁ ရက်အထိ ဆက်လက် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

 (Duwun)