မန္တလေးရေလမ်းကြောင်း ဖွံ့ဖြိုးရေးစီမံကိန်းဒီဇိုင်းအတွက် အရပ်ဘက်အဖွဲ့အစည်းများထံ အကြံပြုချက် တောင်းခံ
မန္တလေးရေလမ်း ကြောင်းဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းဒီဇိုင်းအတွက် မန္တလေး၊ စစ်ကိုင်းတို့ရှိ အရပ်ဘက်အဖွဲ့အ စည်းများထံသို့ အကြံဉာဏ် တောင်းခံဆွေးနွေးမှုကို သြဂုတ် ၂၈ ရက်က မန္တလေးမြို့ ဘူတာကြီးအနီးရှိ ဟိုတယ်မာဘယ်တွင်ပြုလုပ်ခဲ့သည်။
ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ ၃၈ သန်းဖြင့် မန္တလေး- ညောင်ဦး ရေလမ်းကြောင်းအ ဆင့်မြှင့်တင်မည်ဖြစ်ပြီး ကနဦး မန္တလေးရေလမ်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွားထိခိုက် မှုနှင့် စီမံကိန်းပုံစံတို့ကို အကြံဉာဏ်တောင်းခံခဲ့သည်။ ‘‘ရေလမ်းကြောင်းအဆင့် မြှင့်ဖို့အတွက် စံနှုန်းအမျိုးမျိုးနဲ့ ဒီဇိုင်းရွေးချယ်မယ်။ ဥပမာ ရေလမ်းကောင်းမွန်ဖွံ့ဖြိုးရေးအတွက်ဆိုရင် သောင်တူးတာတွေရှိ မယ်။ ရေကာတာလုပ်တာတွေ ရှိ မယ်။ ပြီးတာနဲ့ အသေးစိတ်ဒီဇိုင်းတွေလုပ်မယ်။ တင်ဒါတွေ ခေါ်မယ်ပေါ့’’ဟု မန္တလေး-ညောင်ဦး ရေလမ်းကြောင်း ဖွံ့ဖြိုးရေးစီမံ ကိန်းဒါရိုက်တာ ဦးအောင်မျိုးခိုင်က ပြောသည်။
၂၀၁၅ နှင့်၂၀၁၆ က စီမံကိန်း၏ အသေးစားလုပ်ငန်းအဖြစ် ညောင်ဦး၊ ပခုက္ကူရှိ ဧရာဝတီ မြစ်ရေကြောင်း ကျပ်တည်းသော နေရာများတွင် သောင်တူးခြင်း လုပ်ငန်းများလုပ်ဆောင်ပြီး မန္တလေး-ညောင်ဦးတစ်လျှောက် လုပ်ငန်းစီမံကိန်းကို ၂၀၁၈ တွင် စတင်နိုင်မည်ဖြစ်ကာ စီမံကိန်းကာလ ၂၀၂၀ ထိဖြစ်သည်။ ‘‘ဒီနေ့ ဒီဇိုင်းပိုင်း အကြံပြုချက်တွေယူတယ်။ ဒီအပေါ်ကနေဒီဇိုင်းထွက်မယ်။ ဒီဇိုင်းထွက်မှ အောက်ခြေမှာ လုပ်ရမယ်ပေါ့။ မှန်ကန်တဲ့ ပရောဂျက်တစ်ခုဖြစ်သော်ငြားလည်း တခြားအကျိုးသက်ရောက်မယ့် အပိုင်းတွေလည်း ရှိတဲ့ အပေါ်မှာ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်အပြင် ဒီဧရိယာမှာ မှီခိုနေထိုင်ကြတဲ့သူ တွေအတွက် ထည့်သွင်း စဉ်းစားဖို့ လုပ်ဆောင်သွားပါမယ်’’ဟု အကြံပြုမှုတွင် ပါဝင်သည့် မန္တလေးသဘာဝစိမ်းအဖွဲ့မှ ဦးမောင်မောင် ဦးက ပြောသည်။
ကမ္ဘာ့ဘဏ်ချေးငွေကန်ဒေါ် လာ သန်း ၁၀၀ ဖြင့် ဧရာဝတီမြစ် ဝှမ်းဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းဟူ၍ ၂၀၁၅ က စတင်လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းစဉ် သုံးခုရှိကာတတိယလုပ်ငန်းအဖြစ် ကုန်စည်စီးဆင်းမှုနှင့်ခရီးသွားအများဆုံး ရှိသော မန္တလေး-ညောင်ဦးရေ လမ်းကြောင်းအဆင့်မြှင့်တင်ခြင်း ဖြစ်သည်။ လက်ရှိ မန္တလေး-ညောင်ဦး ရေလမ်းကြောင်းသည် နေ့ဘက် သာ သွားလာနိုင်ပြီး စီမံကိန်းတွင် နေ့ညသွားလာနိုင်သော ရေလမ်း ကြောင်း အဖြစ် လုပ်ဆောင်မည်ဖြစ်ကာ ရေလမ်းပြအမှတ်အသားများ စိုက်ထူခြင်း၊ ဘက်စုံသုံး သောင်တူး ရေယာဉ် ဝယ်ယူခြင်း လုပ်ငန်းများလည်း ပါဝင်မည်ဟု ဦးအောင်မျိုးခိုင်က ပြောသည်။
မန္တလေး-ညောင်ဦးရေလမ်းကြောင်းသည် နှစ်စဉ် ရေတက်ချိန်တွင် ကမ်းပြိုခြင်းများနှင့် ရေနည်းချိန်တွင် ရေကြောင်း ကျပ်တည်း၍ သင်္ဘောများသောင်တင်ခြင်း ဖြစ်ပွားလေ့ရှိကာ ရေလမ်းဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ကမ်းပြိုမှုကို ၇၀ ရာခိုင်နှုန်းကျော် သက်သာစေနိုင်မည်ဟု ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်း ဒါရိုက်တာ ဦး ဝင်းလှိုင်က ဆိုသည်။