တရားဥပဒေစိုးမိုးရေး နိုင်ငံနယ်နိမိတ်တို့ကို ပညာဖြင့် ကာကွယ်ရန် DNA မျိုးရိုးဗီဇမှတ်တမ်းထားရှိရန် တိုက်တွန်းသည့်အဆိုမှတ်တမ်းတင် ခံရ
နိုင်ငံတော်အချုပ်အခြာ တည်တံ့ခိုင်မြဲရေးအတွက် တရားဥပဒေ စိုးမိုးရန် ဆောင်ရွက်ရာတွင် အစိုးရ၊ တပ်မတော်နှင့်လွှတ်တော်တို့ ပါဝင်ကာ နိုင်ငံ နယ်နိမိတ်အား ပညာဖြင့်ကာကွယ်ရန် အဆိုတင်သွင်းရခြင်းဖြစ်၍ တင်သွင်းခဲ့သည့်အဆိုကို အတည်ပြုပေးပါရန် လွှတ်တော်သို့ မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက တင်ပြခဲ့ခြင်းအား မဲခွဲဆုံးဖြတ်မှုအရ အဆိုကို မှတ်တမ်းတင်အဖြစ်သာ ထားရှိခဲ့သည်။
ယနေ့ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး ၅၁ရက် မြောက်နေ့ တွင် အဆိုအား လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးတို့ ဆွေးနွေးခဲ့ကြပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပြည်ထောင်စုဝန်ကြီးက အဆိုကို မှတ်တမ်းတင်ထားရှိရန် တောင်းဆိုခဲ့ခြင်းအပေါ် အဆိုရှင်က အတည်ပြု ပေးနိုင်ပါရန် တောင်းဆိုခဲ့ခြင်းအား မှတ်တမ်းတင်ထားရှိရန် ဆန္ဒမဲအများ ဖြင့် လွှတ်တော်က အဆိုကို မှတ်တမ်းတင်ထားရှိခဲ့ခြင်းဖြစ်သည်။
”ကျွန်တော်ဒီအဆိုတင်သွင်း ရတဲ့ရည်ရွယ်ချက်ကတော့ လွှတ်တော်ရယ်၊ အစိုးရရယ်၊ တပ်မတော် ရယ်ပူးပေါင်းပြီးတော့ နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ ပညာ နဲ့ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ပြီး တစ်နည်းအားဖြင့် နိုင်ငံရဲ့နယ်နိမိတ် ခြံစည်းရိုးကို ပညာဖြင့်ကာကွယ်နိုင်ရန် တင်သွင်းရခြင်းဖြစ်ပါတယ်” ဟု အဆိုရှင်၏ သဘောထားဆန္ဒ တောင်းခံရာတွင် ဒေါက်တာမောင်သင်းက လွှတ်တော်သို့ ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာမောင်သင်းက အဆိုကိုတင်သွင်းရာတွင် ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရအား အခက်အခဲ အကျပ် အတည်းဖြစ်စေရန် ရည်ရွယ်ချက်မရှိဘဲ အစိုးရ၏ ဂုဏ်သိက္ခာမြင့်မားရန် ဆောင်ရွက်သင့်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခုအဆိုအား တိုက်တွန်းရခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေနိုင်ကြောင်း၊ ဝန်ကြီးဌာနမှ ပံ့ပိုးပေးခဲ့ပါက နိုင်ငံတော်သမိုင်းတွင် အေးအတူပူအမျှနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုတို့၏ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ကာ ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်မှု ဥပဒေကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် ကိုယ်စားပြုပါတီအတွက် အဆိုတင်သွင်းရခြင်းမဟုတ်ဘဲ အစိုးရနှင့် အတိုက်အခံတို့၏ တူညီသည့်အချက်မှာ နိုင်ငံတော်အကျိုး သယ်ပိုးရန်ဟု ယခုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အတိုက်အခံပါတီ၌ ရှိနေစဉ်က ပြောကြားခဲ့ဖူးကြောင်း၊ ယင်းသို့ပြောဆိုခဲ့ခြင်းကြောင့် မဲဆန္ဒရှင်တိုင်းရင်းသား လုပ်သားပြည်သူတို့၏ ရေရှည်အကျိုးစီးပွားကို ထောက်ထားသည့် အနေဖြင့် အဆိုကို အတည်ပြုပေးနိုင်ရန် ဒေါက်တာမောင်သင်းက ၄င်း၏ သဘောထားဆန္ဒကို လွှတ်တော်သို့ ပြောကြားသည်။
အစိုးရအား တိုက်တွန်းသည့် အဆိုနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မှတ်တမ်းတင်ထားရှိရေးနှင့် အဆိုရှင်၏အတည်ပြုပေးနိုင်ပါရန် တင်ပြခဲ့ ခြင်းအား လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၅ဝ၊ ကန့်ကွက်မဲ ၂၂၂မဲ၊ ကြားနေခြောက်မဲရရှိခဲ့သည့်အတွက် ကန့်ကွက်ဆန္ဒမဲအသာဖြင့် မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း အစိုးရသို့ တိုက်တွန်းသည့် တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းစီ၏ စံပြုကိုးကားနိုင်သည့် DNA မျိုးရိုးဗီဇ ဖွဲ့စည်းမှုမှတ်တမ်း ဆောင်ရွက်ထားရှိရန် တိုက်တွန်းသည့် အဆိုအား လွှတ်တော်က မှတ်တမ်းတင်အဖြစ်သာ ထားရှိခဲ့သည်။
Union Daily