ယင်လပ် တိမ်းရှောင်နိုင်ရန် လျှို့ဝှက် ညှိနှိုင်း သဘောတူခဲ့သည် ဆိုခြင်းကို ထိုင်းအစိုးရ ငြင်းဆန်

ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာကို ပြည်ပသို့ ထွက်ပြေးခွင့်ပေးရန် လျှို့ဝှက် ညှိနှိုင်း သဘောတူခဲ့သည်ဆိုသော စွဲချက်များကို ထိုင်းအစိုးရက ငြင်းဆိုလိုက်သည်။

ထိုင်း၏ လက်ရှိ အာဏာသိမ်း စစ်အစိုးရသည် နိုင်ငံထဲမှ ယင်လပ် ထွက်ခွာသွားရန် လိုလိုလားလား ရှိနေသည် ဆိုခြင်းမှာ လူတိုင်းသိထားသည့် လျှို့ဝှက်ချက်သဖွယ် ဖြစ်နေသည်။ ထို့ကြောင့် တရားစွဲဆို ခံထားရသည့် ယင်လပ် အနေဖြင့် နောက်ဆုံး စီရင်ချက် မချမှတ်မီ ဒူဘိုင်းသို့ ရုတ်တရက် ထွက်ပြေး တိမ်းရှောင်သွားခြင်းတွင် လက်ရှိ ထိုင်းအစိုးရကိုယ်တိုင် လိုလိုလားလား လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။

သို့သော် ထိုင်းအစိုးရ (အန်စီပီအို)က ယင်လပ် တိမ်းရှောင်သွားမှုသည် မိမိတို့နှင့် မည်သို့မျှ မပတ်သက်ဟု ဖြေရှင်းခဲ့သည်။ ယင်လပ်သည် သူမ အာဏာရနေချိန်က ဆန်စပါး ဝယ်ယူရေး မူဝါဒ တစ်ခုတွင် အစိုးရ ဘဏ္ဍာများ ပြုန်းတီးစေခဲ့ကြောင်း စွပ်စွဲမှုအတွက် တရားရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့် သီတင်းပတ်က စီရင်ချက် ချမှတ်မည့် နေ့တွင် တရားရုံးချုပ်သို့ ရောက်မလာခဲ့ချေ။

ထို့နောက်တွင် သူမ၏ ပြူထိုင်းပါတီက ထိုင်းနိုင်ငံတွင် ယင်လပ် မရှိတော့ကြောင်း အတည်ပြုခဲ့သည်။ သတင်းများက ယင်လပ်သည် စီရင်ချက် ချမှတ်မည့်အချိန် မတိုင်မီကတည်းက ဘန်ကောက်မှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

ထိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အစိုးရ အနေဖြင့် ထိုင်းနိုင်ငံမှ ယင်လပ် တိမ်းရှောင် သွားမှုသည် အစိုးရအဖွဲ့အတွက် ကောင်းကျိုးရှိနိုင်သည်ဆိုသော ခန့်မှန်းချက်များမှာ အခြေအမြစ် လုံးဝ မရှိကြောင်း တုံ့ပြန် မှတ်ချက်ပေးခဲ့သည်။ သို့သော် ယင်လပ် ထွက်ပြေးသွားမှုတွင် လုံခြုံရေး လုပ်ထုံးလုပ်နည်းများ အရ ယိုပေါက်များ ရှိနေနိုင်သည်ဟု ယူဆကြောင်း ယင်းအရာရှိက ဆိုသည်။ ထို့အပြင် ကမ္ဘောဒီးယားမှတဆင့် ယင်လပ် ထွက်ပြေးသွားသည် ဆိုခြင်းကိုလည်း ထိုင်းအစိုးရက ငြင်းပယ်ထားသည်။

ယခုအခါ ဒူဘိုင်းသို့ ရောက်ရှိနေပြီဆိုသော ယင်လပ် ကိုယ်တိုင်ကမူ သူမ၏ တိမ်းရှောင်ထွက်ခွာသွားရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မျှ မပေးသေးဟု သိရသည်။

Ref: Bangkok Post