မက်ဂရီဂေါ်နဲ့ပွဲအပြီး ချက်လက်မှတ်ကို မေ၀ဲလ်သာ ထုတ်ကြွား

UFC Fighter မက်ဂရီဂေါ်ကို (၁၀)ချီမှာ အနိုင်ယူခဲ့ပြီးနောက် အမေရိကလန်လက်ဝှေ့ချန်ပီယံ မေ၀ဲလ်သာ ဟာ ဆုကြေးအတွက် ချက်လက်မှတ်ယူနေပုံကို အင်စတာဂရမ်တင်ပြီး ထုတ်ကြွားခဲ့ပါတယ်။

သူ့လက်ဝှေ့သမားဘ၀တလျှောက် ပွဲ(၅၀)စလုံးကို ရှုံးပွဲမရှိအောင် ထိုးနိုင်ခဲ့တဲ့ မေ၀ဲလ်သာဟာ ဒီပွဲကနေ ထိုးကြေးအပါအ၀င် တခြားဝင်ငွေစုစုပေါင်း ဒေါ်လာသန်း(၃၀၀)ကျော်အထိရမယ်လို့ မျှော်လင့်ရပါတယ်။ T-Mobile အရီနာကွင်းထဲမှာ မက်ဂရီဂေါ်နဲ့ပွဲအပြီး အ၀တ်လဲခန်းကို သွားရာလမ်းမှာ မေ၀ဲလ်သာဟာ ကင်မရာရှေ့၊ ပြောင်နောက်နေရင်း ချက်လက်မှတ်ကို ထုတ်ကြွားခဲ့တာဖြစ်ပါတယ်။

လောလောဆယ် ဒေါ်လာသန်း(၁၀၀)ကို သူ ရရှိသွားပြီဖြစ်ပြီး လက်မှတ်ရောင်းအားနဲ့ Pay Per Viewစနစ်နဲ့ရောင်းချတဲ့ ရုပ်/သံဝင်ငွေကနေလည်း ထပ်ဆောင်းအကျိုးခံစားခွင့်ရဦးမှာပါ။ သူက”(၃၆)မိနစ် အတွင်း ဒေါ်လာသန်း(၃၀၀)/ (၃၅၀)လောက် ကို ကျွန်တော် ဘာလို့မရှာနိုင်ရမှာလဲ”လို့ပါ ပြောခဲ့ပါသေးတယ်။ မက်ဂရီဂေါ်ကတော့ လောလောဆယ် ဒေါ်လာသန်း(၃၀)ရရှိထားပြီး အားလုံးပေါင်းလိုက်ရင် ဒေါ်လာ(၇၅) သန်းကျော် အထိ ရမှာဖြစ်ပါတယ်။

-Ref; Sky Sports