ကုလသမဂ္ဂအရာရှိတစ်ဦးကို သမ္မတက နှင်ထုတ်ရန်ကြိုးပမ်းမှုကြောင့် ဂွာတီမာလာ၌ နိုင်ငံရေး မတည်ငြိမ်မှုဖြစ်ပေါ်

ဂွာတီမာလာသမ္မတ ဂျင်မီမိုရာလက်စ်သည် အကျင့်ပျက်ခြစားမှုနှင့် ပက်သက်၍ သူ့ကိုသံသယ ရှိနေသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ကုလသမဂ္ဂမှအရာရှိတစ်ဦးအား တနင်္ဂနွေနေ့က နိုင်ငံအတွင်းမှ နှင်ထုတ်ရန် ကြိုးပမ်းခဲ့သည့်အချိန်မှစတင်ပြီး ဂွာတီမာလာ၌ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားလျက် ရှိသည်။

လူဦးရေ ၁၅သန်းရှိသည့် ဗဟိုအမေရိကမှ နိုင်ငံလေးဖြစ်သော ဂွာတီမာလာ၌ ယခုလိုမျိုး အကျင့်ပျက်ခြစားမှု ဖြစ်ရပ်ကြောင့် လွန်ခဲ့သော ၂နှစ်ခန့်က သမ္မတဟောင်းတစ်ဦး ဖြုတ်ချခံခဲ့ ရဖူးသည်။ ဒါ့အပြင်ယင်းကိစ္စကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံအများအပြားနှင့် နိုင်ငံတကာအသိုင်းအ၀န်း၏ ဝေဖန်ထိုးနှက်မှုကို ခံခဲ့ရသည်။

ကုလသမဂ္ဂမှ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အရာရှိတစ်ဦးဖြစ်သူ အိုင်ဗန်ဗယ်လက်စ်ကွတ်ဇ်၏ စုံစမ်းစစ်ဆေးမှုများသည် သူ့ကိုရာထူးမှ ပြုတ်ကျသွားစေနိုင်သောကြောင့် သမ္မတမိုရာ လက်စ်က ယခုလိုနှင်ထုတ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ကိုလံဘီယာနိုင်ငံသားဖြစ်သူ ဗယ်လက်စ်ကွတ်ဇ်ကို တရားဥပဒေစိုးမိုးရေးနှင့် ဂွာတီမာလာနိုင်ငံသားများ၏ အကျိုးကိုရှေးရှု၍ နိုင်ငံအတွင်းမှနှင်ထုတ်ရန် သူကိုယ်တိုင် အမိန့်ပေးခဲ့ခြင်း ဖြစ်ကြောင်း မိုရာလက်စ်က အွန်လိုင်း ပေါ်၌ ထုတ်ပြန်ခဲ့သော ဗီဒီယိုဖိုင်တစ်ခုထဲ၌ ပြောကြားခဲ့သည်။

သို့သော်လည်း မိုရာလက်စ်၏အမိန့်ကို အခြေခံဥပဒေခုံရုံးက ယာယီဆိုင်းငံ့ထားခဲ့ကြောင်း ခုံရုံးအကြီးအကဲဖြစ် သူ ဖရန်စစ်စကိုမာတာက သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒါ့အပြင် ထိုသို့အမိန့်ပေးမှုကြောင့် ပြည်သူအချို့၏ သမ္မတကိုဆန့်ကျင်သော ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဗယ်လက်စ်ကွတ်ဇ်ကို ထောက်ခံအားပေးမှု များ မြင့်တက်လာခဲ့သည်။

ကျန်းမာရေးဝန်ကြီး လူခရီစီယာဟာနန်ဒက်ဇ်သည် မိုရာလက်စ်၏ လုပ်ရပ်ကိုဆန့်ကျင်သည့်အနေဖြင့် ရာထူးမှ နှုတ်ထွက်ခဲ့သည့်အပြင် မိုရာလက်စ်သည် အပြစ်ဒဏ်မခံရအောင် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ ဒါ့အပြင် ၀န်ကြီးဌာနများမှ ၀န်ကြီးအချို့သည် ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ရာထူးမှနှုတ်ထွက်ရန် တာဆူနေကြသည်။  သို့သော်လည်း စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နိုင်ငံတော်တပ်ဖွဲ့သည် သမ္မတ မိုရာလက်စ်ကို သစ္စာစောင့်သိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

-Ref; AFP