မြန်မာ အမျိုးသား ဘော်လီဘော အသင်း အိမ်ရှင်မလေးရှားကို အနိုင်ယူ

ရန်ကုန် သြဂုတ် ၂၃

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသား ဘော်လီဘော အသင်းသည် အုပ်စု (က)ပွဲစဉ် တစ်ပွဲအဖြစ် အိမ်ရှင်မလေးရှားအသင်းနှင့် ယမန်နေ့က ယှဉ်ပြိုင်ကစားရာ အနိုင်ရရှိခဲ့ သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေကောင်းများ ရရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား ဘော်လီဘောအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား အသင်းတို့ နှင့် အုပ်စု(က)၌ ကျရောက်နေပြီး ယမန်နေ့က အုပ်စုဒုတိယ ပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအမျိုးသား ဘော်လီဘော အသင်းက (၂၅-၂၃)၊ (၂ဝ-၂၅)၊ (၂၅-၂၂)၊ (၂ဝ-၂၅)၊ (၁၇-၁၅) တို့ဖြင့် အနိုင်ရရှိခဲ့ သည်။ ယခုပွဲတွင် အိမ်ရှင်မလေးရှားက အိမ်ရှင်အားသာချက်ဖြင့် မြန်မာအသင်းကို ဖိအားပေးကစားသော်လည်း မြန်မာအသင်းက အနိုင်ရရှိခဲ့ခြင်းကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေကောင်း ရရှိခဲ့ပြီဖြစ်သည်။

မြန်မာအမျိုးသား ဘော်လီဘောအသင်းသည် သြဂုတ် ၂၅ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ကမ္ဘောဒီးယား အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ လက်ရှိ အုပ်စုတွင် မြန်မာအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်သုံးမှတ်ဖြင့် အုပ်စု တတိယနေရာ၌ ရပ်တည်နေပြီး ထိုင်းအသင်းက ရမှတ်လေးမှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေကာ မလေးရှားအသင်းက ရမှတ်သုံးမှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။

(မြ၀တီ)