ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအစီရင်ခံစာနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုဖီအာနန် တွေ့ဆုံ

ရန်ကုန် ၊ သြဂုတ် ၂၄ ။          ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်တို့ ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ တင်သွင်းသည့် အစီရင်ခံစာပါ အကြောင်းအရာများနှင့် အစီရင်ခံတွင် ပြင်ဆင်ထည့်သွင်းရန် လိုအပ်သည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ သတင်းထုတ်ပြန်ခြင်း မရှိပေ။

ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ယမန့်နေ့ သြဂုတ်လ ၂၃ ရက်နေ့က သမ္မတဦးထင်ကျော်ထံပေးအပ်ခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့က အတိုင်ပင်ခံရုံးမှ ဖွဲ့စည်းပေးထားခဲ့ပြီး အစီရင်ခံစာကို တစ်နှစ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်သွင်းခံရမည်ဖြစ်သည်။ ကော်မရှင်၏ တာဝန်များထဲတွင် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ်ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာများအပါအ၀င် နိုင်ငံတကာဆက်နွယ်မှု များကို သုံးသပ်သွားရမည်ဟု ဖော်ပြထားသည်။

ကော်မရှင်အနေဖြင့် အစိုးရထံ အကြံပြုထားသည့် ကြားဖြတ်အစီရင်ခံစာကို မတ်လအတွင်းက ထုတ်ပြန်ခဲ့ပြီး နောက် ယင်းကြားဖြတ်အစီရင်ခံစာတွင် လူသားချင်း စာနာထောက်ထားသော အကူအညီများနှင့် သတင်းမီဒီယာများကို ပဋိပက္ခဖြစ်ပွားခဲ့သည့်နေရာများကို လွတ်လပ်စွာဝင်ခွင့်ပေးရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို သင်တန်းပေးရေး ၊ လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူရေး စသည့် အကြံပြုချက်များ ပါဝင်ခဲ့သည်။

မဇ္ဈိမ