မိသားစုကိစ္စကြောင့် တင်းနစ်မယ်အဇာရင် ယူအက်စ်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်

ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဗစ်တိုးရီးယား အဇာရင်ကာက ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ပြောကြားပါတယ်။ အဇာရင်ကာက မိသားစုအခြေအနေကြောင့် ယူအက်စ်အိုးပင်းမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဘူးလို့ ဆိုပါတယ်။ ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာဟာ ယမန်နှစ် ဒီဇင်ဘာလအတွင်း သားဖြစ်သူကို မွေးဖွားခဲ့ပြီးနောက် ဇွန်လမှာ တင်းနစ်ပြန်ကစားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အဇာရင်ကာက ဇူလိုင်လအတွင်း သူမရဲ့လက်တွဲဖော် အမျိုးသားနဲ့ လမ်းခွဲခဲ့ပြီးနောက် ယခု သြဂုတ်လအတွင်း ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်နေကြောင်း သိရပါတယ်။ ယူအက်စ်အိုးပင်းမှ အဇာရင်ကာ နုတ်ထွက်သွားပြီးနောက် သူမရဲ့နေရာကို ဂျပန်တင်းနစ်မယ် မီဆာအီဂူချီက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

“ဒီနှစ် ယူအက်စ်အိုးပင်းမှာ မယှဉ်ပြိုင်နိုင်လို့ စိတ်မကောင်းဖြစ်ရပါတယ်၊ ကျွန်မရဲ့ မိသားစုကိစ္စလေးတွေ ရှိနေတာကြောင့် ယူအက်စ်အိုးပင်းမှာ မပါနိုင်တော့ပါဘူး” လို့ အဇာရင်ကာက ဆိုပါတယ်။ အဇာရင်ကာဟာ ယခုလ အစောပိုင်းကလည်း  မိသားစုကိစ္စကြောင့် Cincinnati အိုးပင်းတင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ သေးကြောင်း သိရပါတယ်။

အဇာရင်ကာဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်က သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ရရှိခဲ့ပြီး ထိုနှစ်များမှာပင် ယူအက်စ်အိုးပင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ယခုနှစ် ယူအက်စ်အိုးပင်း ပွဲစဉ်တွေကို သြဂုတ် ၂၈ ရက်မှာ စတင်ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

-Ref; Sky Sports